မင်းသမီး အိန်ဂျယ်လီနာ ဂျိုလီ မြန်မာ နိုင်ငံရောက်လာ

  • 29 ဇူလိုင် 2015
Angelina Joli met U Shwe Mann ဓာတ်ပုံ မူပိုင် U Shwe Mann office
Image caption မင်းသမီး Angelina Joli ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ တွေ့ဆုံ( ပြည်သူ့လွှတ်တော် ဥက္ကဌရုံး ဓါတ်ပုံ)

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူး ကိုယ်စားလှယ် ဟောလီးဝုဒ်က နာမည်ကျော် ရုပ်ရှင် မင်းသမီး အိန်ဂျယ်လီနာ ဂျိုလီဟာ ဇူလိုင်လ ၂၉ ရက်နေ့ ဗုဒ္ဓဟူးနေ့က နေပြည်တော်ကို ရောက်လာပြီး နိုင်ငံတော် သမ္မတ ပြည်ထောင်စုလွှတ်တော် နာယက တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါအပြင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းတို့နဲ့လည်း သီးသန့် တွေ့ဆုံ ခဲ့ပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယကနဲ့ တွေ့ဆုံ ရာမှာ အစိုးရက ပြဌာန်းဖို့ ကြိုးစားနေတဲ့ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေကို အဓိက ဆွေးနွေးခဲ့တယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဌရုံးက အကြီးတန်း အရာရှိ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒီဥပဒေ မပြဌာန်းခင် အရပ်ဖက် အဖွဲ့အစည်း တွေနဲ့ ဆွေးနွေး ညှိနှိုင်းပြီးမှ လုပ်ဆောင်ဖို့ အိန်ဂျယ်လီနာ ဂျိုလီက တိုက်တွန်းခဲ့တယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံမှာ နှစ်ပေါင်းများစွာ နေလာခဲ့တဲ့ နိုင်ငံသား မဖြစ်သေးတဲ့ လူနည်းစုတွေကိုလည်း နိုင်ငံသားဖြစ်ခွင့် ရရှိအောင် ကူညီပေးဖို့ တိုက်တွန်း ခဲ့တယ်လို့ ဆိုပါတယ်။

အိန်ဂျယ်လီနာ ဂျိုလီက သူ့ခရီးစဉ် အတွင်းမှာ အမျိုးသမီးအခွင့်အရေး ကာကွယ် စောင့်ရှောက် နေတဲ့ အဖွဲ့တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ၆ ရက် ကြာမြင့်မှာ ဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည် စခန်းတွေ ကိုလည်း သွားရောက်ဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ရခိုင်ပြည်နယ် အတွင်းက ဒုက္ခသည် စခန်းတွေကို သွားရောက် ခဲ့တဲ့ ဗြိတိန် နိုင်ငံခြားရေး ဌာန အငယ်တန်း ဝန်ကြီး Hugo Swire ကလည်း ဒုက္ခသည် စခန်းတွေ မှာ ရှိနေသူတွေ လွတ်လွတ်လပ်လပ် သွားလာခွင့် မရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သူ ဘဝင် မကျ ဖြစ်တာတွေကို အစိုးရ အဖွဲ့နဲ့ တွေ့ဆုံရာမှာ ပြောသွားခဲ့တယ်လို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။