ဗိုလ်မှူး ဆန်းအောင်တို့ အဖွဲ့ကို DKBA က တိုက်လို့ ရှောင်တိမ်းခဲ့ရ

  • 30 ဇူလိုင် 2015
Image caption အမိန့် မနာခံမှုနဲ့ ဗိုလ်မှူး စောဆန်းအောင်ကို DKBA ကလိုထူးဘော ဌာနချုပ်က ထုတ်ပယ်ထား

DKBA ကလိုထူးဘော ဌာနချုပ်ကနေ ထုတ်ပယ်ခြင်း ခံထားရတဲ့ ဗိုလ်မှူး စောဆန်းအောင်နဲ့ ဗိုလ်မှူး ကျော်သက်တို့ရဲ့ တပ်ဖွဲ့တွေကို အစိုးရတပ်တွေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ ကရင် လက်နက်ကိုင် ပူးပေါင်းတပ်တွေက ပိတ်ဆို့ တိုက်ခိုက်ခဲ့တဲ့အတွက် ကော့ကရိတ်ဒေသမှာ လှုပ်ရှားနေတဲ့ ဗိုလ်မှူး ဆန်းအောင်နဲ့ ဗိုလ်မှူး ကျော်သက်တို့ နှစ်ဖွဲ့ခွဲပြီး ဆုတ်ခဲ့ရပါတယ်။

ဗိုလ်မှူး ကျော်သက်အဖွဲ့က ကော့ကရိတ်မြောက်ဘက် မြိုင်ကြီးငူဘက်ကို လွတ်မြောက်သွားပေမယ့် တောင်ဘက်အခြမ်းက DKBA ကလိုထူးဘောရဲ့ ဌာနချုပ် ဆုံဆည်းမြိုင်ဘက်ကို ဆုတ်သွားတဲ့ ဗိုလ်မှူး စောဆန်းအောင်တို့ကိုတော့ DKBA ဌာနချုပ်က ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီနေရာကနေ ထပ်ဆုတ်ခွာခဲ့ရပြီး တပ်ဖွဲ့ဝင် အတော်များများ လက်နက်ချခဲ့ရပါတယ်။

ဗိုလ်မှူး ဆန်းအောင်ရဲ့ တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပြီး သူ့အမျိုးသားတွေ အကျအဆုံး ရှိမှာ စိုးတဲ့အတွက် ခုခံမတိုက်ပဲ အတတ်နိုင်ဆုံး ရှောင်ကွင်းခဲ့တယ်လို့ ဗိုလ်မှူး ဆန်းအောင်က ဘီဘီစီကို ပြောပါတယ်။

ဇူလိုင် ၂၈ ရက်နေ့စွဲနဲ့ အစိုးရထုတ် သတင်းတွေမှာတော့ စောဆန်းအောင်အဖွဲ့က စောဘိကြည် ခေါင်းဆောင်တဲ့ တပ်ဖွဲ့၀င် ၅၈ ဦးဟာ လက်နက်မျိုးစုံနဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ထီးဟူသံရွာက BGF နယ်ခြားစောင့်တပ်ဆီမှာ လက်နက်ချ အလင်း၀င်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။