ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ကြေညာ

  • 29 ဇူလိုင် 2015
ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီညီလာခံ ဓာတ်ပုံ မူပိုင် AFP
Image caption ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီညီလာခံ

လာမယ့်ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန်က သူရွေးကောက်ခံခဲ့တဲ့ ဇမ္ဗူသီရိ မဲဆန္ဒနယ်ကနေ ပါဝင်ယှဉ်ပြိုင် နိုင်အောင် နေရာ ချန်လှပ်ထားတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းက သတင်းထောက် တွေကို ပြောကြားသွားပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ကြံ့ခိုင်ဖွံ့ ဖြိုး ရေးပါတီက ပြည်သူ့လွှတ်တော် အမျိုးသား လွှတ်တော် ပြည်နယ်တိုင်း ဒေသကြီးလွှတ်တော်က နေရာအတော် များများ ဝင်ပြိုင်ဖို့ရှိပါတယ်။ ကိုယ်စားလှယ် ပေါင်း ၁၅၀ နီးပါးမှာ ၅၀ လောက်က ကိုယ်စားလှယ် အသစ်တွေဖြစ်ပြီး ကျန်တဲ့၁၀၀ လောက်ကတော့ အရင်ကပြိုင်ဖူးတဲ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ရန်ကုန်တိုင်းက ဝင်ပြိုင်မယ့် ကိုယ်စားလှယ် စာရင်းမှာ အစိုးရဖွဲ့ဝင် ဝန်ကြီးတွေ ပါဝင်ပါတယ်။

ဒါ့အပြင် သမ္မတရုံး ဝန်ကြီးတွေဖြစ်တဲ့ ဦးသိန်းညွှန့်က မအူပင် မဲဆန္ဒနယ်၊ ဦးစိုးအောင်က ရေစကြို မဲဆန္ဒနယ်၊ ဦးလှထွန်းက ကျောက်ပန်းတောင်း မဲဆန္ဒနယ်၊ ဦးတင်နိုင်သိန်းက ကလော မဲဆန္ဒနယ်တို့က ဝင်ရောက် ယှဉ်ပြိုင် မှာ ဖြစ်ပြီး ဦးအောင်မင်းနှင့် ဦးစိုးသိမ်းတို့က ကယားပြည်နယ်က ဝင်ရောက်ယှဉ်ပြိုင်ရန် အဆိုပြုထားသော်လည်း ပါတီအနေဖြင့် မူလမဲဆန္ဒ နယ်မြေမှသာ ဝင်ရောက် ယှဉ်ပြိုင်ရန်ပြန် အကြောင်းကြားထားတယ်လို့ ဦးမောင်မောင်သိမ်းက ရှင်းပြပါတယ်။

ဒီနေ့ထုတ် ပြန်တဲ့ပါတီရဲ့ ကိုယ်စားလှယ် စာရင်းမှာတော့ ရေတပ်က ဗိုလ်ချုပ်ကြီး သူရသက်ဆွေ ကိုးကိုးကျွန်းက ပြိုင်ဖို့ရှိပြီးတော့ တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဋ္ဌေးဝင်းက ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)က ပြိုင်မှာ ဖြစ်ပါတယ် ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ကိုယ်စားလှယ်လောင်း လျှောက်လွှာကို သန်လျင်မှာရှိတဲ့ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက် ပေးအပ်ခဲ့ပါတယ်။