စစ်ကိုင်း၊ မကွေးမှာ မိုးများလို့ ရေကြီးနေ

  • 30 ဇူလိုင် 2015
Kalay floods ဓာတ်ပုံ မူပိုင် Aungthu Kalay
Image caption ကလေးမြို့ထဲက ရပ်ကွက်အတော်များများ ရေလွှမ်းနေ

မြန်မာနိုင်ငံ အထက်ပိုင်းမှာ ဆက်တိုက် ရွာသွန်း ခဲ့တဲ့ မိုးကြောင့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အတွင်းက ဆည်တွေ၊ ရေလှောင်တမံတွေ အများစုဟာ စိုးရိမ်ရေ အမှတ်ကို ကျော်နေ ကြပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဆိုရင် ချင်းတောင်ပေါ်က ကျလာတဲ့ မိုးရေတွေများလို့ ကလေးမြို့ရဲ့ ရပ်ကွက် ငါးခု ရေမြုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ကျေးရွာပေါင်း ၂၀ ကျော်လည်း ရွေ့ပြောင်း နေရပါတယ်။

ကလေးမြို့နယ် နတ်နန်းရွာဆိုရင် ရေဝင်တာ ၄ရက်ရှိနေပြီး ဘယ်မှ ရွှေ့ပြောင်း မရတော့လို့ အခက်အခဲ ဖြစ်နေတယ် လို့လည်း နတ်နန်းရွာသား တစ်ဦးက ပြောပါတယ်။

ဒီလို စစ်ကိုင်းတိုင်းမှာ ရေကြီးမှုတွေကြောင့် လူ ၁၁ ဦးထက် မနည်း သေဆုံးခဲ့ပြီး လူပေါင်း သောင်းချီ အိုးအိမ်စွန့်လို့ ရေလွတ်ရာကို တိမ်းရှောင် နေကြ ရပါတယ်။

မုံရွာမှာလည်း ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ကျော်နေပြီး နောက်ထပ် စင်တီမီတာ ၅၀ ကျော်လောက် ဆက်တက်ဦးမယ် ဆိုရင် မုံရွာမြို့ပေါ်က ဒေသခံတွေ အတွက်ပါ စိုးရိမ်စရာ အနေအထား ဖြစ်နေပါတယ်။

မကွေးတိုင်းမှာလည်း စိုးရိမ်စရာ

မကွေးတိုင်းက မင်းဘူး ငဖဲ၊ စကု ၊စေတုတ္တရာ စတဲ့ မြို့တွေမှာလည်း ရေကြီးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဓာတ်ပုံ မူပိုင် Aungthu Kalay
Image caption မကြုံစဖူး ကြီးမား ဆိုးဝါးတဲ့ ရေကြီးမှုတွေလို့ ဒေသခံတွေက ပြောကြပါတယ်

စေတုတ္ထရာမြို့ဟာ မုံးတမံသာ ကျိုးကျခဲ့ရင် မမျှော်လင့်နိုင်တဲ့ ဘေးကျပြီး ကူကယ်ရာမဲ့ အခြေအနေ ဖြစ်သွားနိုင်လို့ သက်ဆိုင်ရာက သတိပေး ပေမယ့်လည်း မြို့ထဲမှာ အိုးအိမ်တွေ စိတ်မချလို့ ကျန်နေသေး သူတွေ ရှိနေတယ်လို့ စကုဒေသခံ မကွေးတိုင်း အန်အယ်လ်ဒီ အတွင်းရေးမှူး ကိုနေမျိုးကျော်က ပြောပါတယ်။

ချင်းတောင်တန်းကနေ စီးဝင်လာတဲ့ မန်းချောင်းရေ ဟာလည်း များနေလို့ ရွှေစက်တော်ဘုရားရဲ့ အောက်စက်တော်ရာ တန်ဆောင်း ပြာသာဒ်ကိုထိဖို့ နည်းနည်းပဲ လိုပါတော့တယ်လို့ သိရပါတယ်။

ခုရေကြီးမှု အခြေအနေဟာ ၁၉၈၇ ခုနှစ် နောက်ပိုင်း အဆိုးဆုံး ဖြစ်တယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီတိုင်းသာ မိုးဆက်ရွာပြီး ရေများ နေဦးမယ်ဆိုရင်တော့ ခုရေဝင်နေတဲ့ ဧရိယာတွေအပြင် တခြား ချင်းတွင်းနဲ့ ဧရာဝတီမြစ်ဆုံတဲ့ အောက်ပိုင်း မြစ်ဘေး တလျှောက်က ကျေးရွာတွေပါ အန္တရာယ် ရှိလာနိုင်မှာကို အာဏာပိုင်တွေရော ဒေသခံတွေကပါ စိုးရိမ်နေကြရပါတယ်။