အကျဉ်းသား ၇ ထောင် နီးပါးလွတ်ငြိမ်းခွင့်ရ

  • 30 ဇူလိုင် 2015
Prisoners released from Myitkyina ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မြစ်ကြီးနားထောင်က လွတ်လာသူများ

မြန်မာနိုင်ငံမှာ အကျဉ်းသား ၇၀၀၀ နီးပါးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဇူလိုင်လ ၃၀ ရက်နေ့က လွှတ်ပေးလိုက်ပါတယ်။

ပြန်လွတ်လာသူတွေ ထဲမှာ ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ကျနေသူ အများစုပါဝင်ပြီး သစ်ခိုးထုတ်မှုနဲ့ ပြီးခဲ့တဲ့ အပတ်ကမှ ထောင်ဒဏ်တစ်သက် ချခံထားရတဲ့ တရုတ်နိုင်ငံသား ၁၅၀ ကျော် ပါဝင်ပါတယ်။

သူတို့ကို မြစ်ကြီးနား ထောင်က လွှတ်ပေးပြီး လွှတ်တဲ့နေ့မှာပဲ တရုတ်နိုင်ငံကို ပြန်ပို့လိုက်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ထောက်လှမ်းရေး အရာရှိ ၉ ယောက်လည်း ပြန်လွတ်တဲ့ အထဲမှာ ပါဝင်ပါတယ်။

နိုင်ငံရေး အကျဉ်းသား နဲ့ မီဒီယာ သမား ကတော့ ၁၃ ယောက်သာ ပါဝင် ပါတယ်။

အဲဒီထဲမှာ ဘိုင်မွန်းတည့်နေ ဂျာနယ်က သတင်းသမား ၅ ယောက် ပါဝင်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း မြန်မာနိုင်ငံက ဦးဘိုကြည်က ပြောပါတယ်။

အခုပြန်လွှတ်မပေးခင် အထိ ထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၃၄ ယောက် ရှိပြီး အမှု ရင်ဆိုင်နေရဆဲ ၄၀၀ ကျော်ရှိတယ်လို့ သူက ပြေပါတယ်။

အခြေခံ ဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးခဲ့တဲ့ စစ်တပ် အရာရှိဟောင်း ဗိုလ်မှူး ကျော်စွာဝင်းလည်း ပြန်လွတ်လာပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်သူ ညီညွတ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ရဲ့ နာယက ဦးနိုင်းနိုင်း ကတော့ အစိုးရက နိုင်ငံတော် တည်ငြိမ်ရေး၊ ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးနဲ့ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး အတွက် လွှတ်ပေးလိုက်တယ်လို့ ပြောပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အနည်းငယ်ကိုသာ လွှတ်ပေးတဲ့ အတွက် ဆန်းနေတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ