ရခိုင်​မြောက်​ပိုင်း ရေ​ကြီး​ပြီး လူ​တွေ​သောင်း​နဲ့​ချီ ထွက်ပြေး​နေရ

  • 31 ဇူလိုင် 2015
rakhine_flood
Image caption ရေကြီး ရာ ဒေသတွေ မှာ လမ်းပန်း ဆက်သွယ်ရေး တွေ ပြတ်တောက် ကာ ကယ်ဆယ်ရေး ပစ္စည်းတွေ မရောက်နိုင် ဖြစ်နေ။

ရခိုင်ပြည်နယ် ထဲမှာ ကိုမန် ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ကြောင့် မိုးတွေ အဆက်မပြတ် ရွာသွန်းနေပြီး အနှစ် ၅၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှု ဖြစ်ပွားနေကာ အနည်းဆုံး လူ ၆ ဦးသေဆုံး ခဲ့ ရပါတယ်။

လူ တွေ သောင်းနဲ့ ချီပြီးတော့ လည်း ဘေးလွတ်ရာ ကို ရွှေ့ပြောင်း နေရပါတယ်။

မုန်တိုင်း မဝင်ခင် ကတည်း ကလည်း ရခိုင် မြောက်ပိုင်း က မြို့ တွေ မှာ မိုးသည်း ပြီး ရေကြီး နေ ခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၃၀ ရက် နေ့ က ကိုမန် ဆိုင်ကလုန်း ထပ်ဆင့် လာတဲ့ နောက် မှာတော့ နောက်ထပ် ရေတွေ ထပ် တက်လာ ပြန် ပြီး ဒေသ ခံ တွေ ဟာ မိမိ တို့ရဲ့ အိုးအိမ် တွေ ကို စွန့်ခွာ ထွက် ပြေး ကြရတာ ဖြစ်ပါ တယ်။

ပုဏ္ဍားကျွန်း မြို့နယ် နာရီကန် ကျေးရွာ မှာ ခရစ်ယာန် ကျောင်းဆရာမ တစ်ဦး ရေနစ် သေဆုံး ခဲ့ရ သလို မြောက်ဦး မြို့ မှာ လူ လေးဦး နဲ့ ကျောက်တော် မှာ တစ်ဦး သေဆုံးခဲ့တယ် လို့ သိရပါတယ်။

ဝါဆို လပြည့် လည်း ဖြစ်ပြန် လို့ ပင်လယ် ဒီရေ တွေ ဝင်ရောက် ပြန် တဲ့ အတွက် ပြည်နယ်တွင်း ကုလားတန် မြစ်နဲ့ ရာမောင် မြစ် တို့ မှာ စိုးရိမ် ရေမှတ် ကျော် လွန် ပြီး မြို့ရွာ တွေ ရေမြုပ် နေရ ကြောင်း ကို ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ က ဘီဘီစီ ကို အတည်ပြု ပြောကြား ပါတယ်။

အာဏာပိုင် တွေ အနေနဲ့ ကယ်ဆယ်ရေး တွေ လုပ်ဆောင် ဖို့ စက်လှေ တွေ မရှိ ဖြစ် နေပြီး မြောက်ဦး မြို့ ပေါ် က ဘုရား တွေ၊ ဘုန်းတော်ကြီး ကျောင်း တွေ နဲ့ စာသင်ကျောင်း တွေ မှာ ရေဘေး ဒုက္ခသည် တွေ နဲ့ ပြည့်ကြပ် နေတယ် လို့ မြောက်ဦး မြို့ပေါ်က ဆရာတော် တစ်ပါး က ဘီဘီစီ ကို မိန့်ပါတယ်။

မင်းပြား မြို့မှာလည်း ရေတွေ ဇူလိုင် ၃၁ ရက် နေ့ မှာ ပို မြင့်တက် လာခဲ့ပြီး ပတ်ဝန်းကျင် ကျေးရွာ အတော် များများ ရွာလုံး ကျွတ် နစ်မြုပ် နေတာ တွေ ရှိပါတယ်။

စက်လှေတွေ နဲ့ သွားရောက် ကယ်ဆယ်တာ မျိုး တွေ ရှိပေမယ့် ရေစီးသန် လွန်း နေလို့ ဝေးလံတဲ့ ကျေးရွာတွေ အထိ တော့ ကယ်တင်ဖို့ရာ မတတ်နိုင် ဖြစ်နေကြ တယ် ဆိုပြီး ဒေသခံ တွေ က ပြောပါတယ်။

မင်းပြားမြို့နယ် ဆေးရုံလည်း ရေလွှမ်း ခံရလို့ လူနာတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။

ရေကြီး ရာ ဒေသတွေ မှာ လမ်းပန်း ဆက်သွယ်ရေး တွေ ပြတ်တောက် နေပြီး ကယ်ဆယ်ရေး ပစ္စည်းတွေ မရောက်နိုင် ဖြစ်နေ တဲ့ အတွက် ဆက်ပြီး တော့ သာ မိုးရွာ ရေကြီး နေဦးမယ် ဆိုရင် အခု ထက်မက အခက်အခဲတွေ နဲ့ ရင်ဆိုင် ရနိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ