မြန်မာနိုင်ငံ အထက်ပိုင်းရေကြီးမှု အရေးပေါ် အကူအညီ လိုနေ

  • 31 ဇူလိုင် 2015
Floods in Kalay ဓာတ်ပုံ မူပိုင် Aungthu Kalay
Image caption ကလေးမြို့ သမိုင်းမှာ မကြုံဖူးလောက်အောင် ရေကြီး

မြန်မာ နိုင်ငံ အနှံ့အပြားမှာ မိုးဆက်တိုက် ရွာနေတဲ့ အတွက် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ရေကြီးပြီး လူတွေ အသက်ဆုံးတဲ့ အထိ အခက်အခဲ တွေ့နေကြ ပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် အစပ်က ကလေးမြို့မှာ ချင်းတောင်က ကျလာတဲ့ရေတွေကြောင့် ကလေးမြို့ရဲ့သမိုင်းမှာ မကြုံဘူးတဲ့ ရေကြီးမှုမျိုးကြံနေရလို့ အခက်တွေ့နေကြ ပါတယ်။

ရေမြုပ်နေတဲ့ နေရာတွေက ပြည်သူတွေ ရွှေ့ဖို့ ပြောင်းဖို့ လှေနဲ့ စက်လှေတွေ မရှိတာက အဓိက အခက်အခဲ ဖြစ်နေတယ်လို့ ကိုယ်တိုင် ရေဘေးဒုက္ခသည် ဖြစ်နေတဲ့ ကလေး ဒေသခံ ကိုအောင်သူထွန်းက ပြောပါတယ်။ ကလေးမြို့မှာ အနောက်ဖျား ပိုင်းကလွဲပြီး ကျန်တဲ့ မြို့ရဲ့ သုံးပုံ နှစ်ပုံ ရေဝင် နေပြီလို့ သူက ပြောပါတယ်။

ကလေးမြို့ဟာ မြစ်ကမ်းနားမြို့ မဟုတ်တာကြောင့် စက်လှေတွေ ကလည်း အလွယ်တကူ သွားလာလို့ မရဘဲ လတ်တလော လေကြောင်း ဆက်သွယ်ရေး ကိုသာ အဓိက အားထားနေရတယ်လို့ ပြောပါတယ်။

ဇူလိုင်လ ၃၁ ရက် ညနေပိုင်းမှာ ရေတက်တဲ့ အရှိန် လျော့သွားပေမဲ့ ဆက်တက်နေသေး တာကြောင့် မြို့လယ်က လေယာဉ်ကွင်းပါ ရေမြုပ်သွားရင် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

အလားတူ ချင်းတွင်း မြစ်ကမ်းဘေးက မုံရွာမြို့မှာလည်း စိုးရိမ် ရေမှတ်ထက် စင်တီမီတာ ၄၀ ကျော်သွားပြီဖြစ်ပါတယ်။

နောက်ထပ်စင်တီမီတာ ၃၀၊ ပေအားဖြင့် တစ်ပေကျော် ထပ်တက်မယ် ဆိုရင် မုံရွာမြို့ထဲကို ရေမဝင်အောင် ကာထားတဲ့ တာရိုးပေါ် ရေလျှံပြီး မုံရွာမြို့ထဲကို ရေဝင်နိုင်တဲ့ အတွက် ဒေသဆိုင်ရာ အာဏာပိုင်နဲ့ မြို့ခံပြည်သူတွေ ပူးပေါင်းပြီး မြေဖို့၊ ပစ္စည်းတွေရွှေ့၊ စောင့်ကြည့်တာတွေ လုပ်ပြီး ဂရုစိုက်နေကြ ပါတယ်။

ချင်းတောင်က ကျလာတဲ့ ရေတွေကြောင့် မကွေးတိုင်း အတွင်း မုန်းချောင်းနဲ့ မန်းချောင်း အနီး နေထိုင်တဲ့ ဒေသခံတွေလည်း အခက်တွေ့နေကြ ပါတယ်။

မုန်းချောင်းနဲ့ ဧရာဝတီမြစ် ဆုံတဲ့ အနားက ရေနံချောင်းမြို့နယ် ဝက်လွတ် အုပ်စုက ရွာတွေမှာလည်း တခါမှ မကြုံဖူးအောင် ရေတွေများနေလို့ လူတွေသာ မက အိမ်မွေး တိရစ္ဆာန်တွေ အတွက်ပါ အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ပွင့်ဖြူ၊ စေတုတ္တရာ၊ စကု ၊ ငဖဲ စတဲ့မြို့တွေမှာလည်း မြို့တွေထဲ အထိ ရေတွေဝင်နေပါတယ်။

ပွင့်ဖြူ မြို့နယ်က ကျေးရွာ အုပ်စု အတော် များများ မှာ ရေကြီးနေပါတယ်။

စကုမြို့မှာ ဆိုရင် ဆေးရုံထဲကို ရေတွေဝင်တဲ့ အတွက် လူနာတွေကို ရေလွတ်ရာ ပုညရှင် ဓမ္မာရုံထဲကို ရွှေ့ပြောင်း ကုသပေး နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ဒေသ တဝိုက်မှာ ရှိတဲ့ မုန်းတမံ၊ စလင်းဆည်၊ ကြီးအုံကြီးဝဆည်တွေ ကတော့ လတ်တလော ထိမ်းထား နိုင်သေးပြီး ဒီထက် ရေဝင်တာ များလာရင် ထိန်းရ ခက် နိုင်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် မုန်းချောင်းဘေးဝဲယာက ဒေသခံတွေအတွက် စိုးရိမ်ရလို့ ဘေးလွတ်ရာတောင်ပေါ်တွေကို ရွေ့နေဖို့ ဒေသအာဏာပိုင် တွေက ဆော်ဩနေပါတယ်။