ရေဘေး ကယ်ဆယ်ရေး စခန်းတွေ ဖွင့်လှစ်

  • 1 ဩဂုတ် 2015
flood ဓာတ်ပုံ မူပိုင် Aungthu Kalay
Image caption နေရာ အနှံ့ ကယ်ဆယ်ရေး အကူအညီတွေ လိုနေ

မြန်မာ နိုင်ငံ တဝှမ်း ရေဘေးဒဏ် ကယ်ဆယ်ရေး အတွက် အစိုးရ ဌာန ဆိုင်ရာတွေက ဆောင်ရွက် နေတယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချ ထားရေး ဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ခိုင် က ပြောပါ တယ်။

လောလောဆယ် ရေဘေးသင့် ဒုက္ခသည် ပေါင်း တသိန်း သုံးသောင်း နီးပါး နဲ့ သေဆုံးသူ ၂၇ ဦး ရှိသွားပြီ ဖြစ်ပြီး ရေဘေးဒဏ်နဲ့ ရင်ဆိုင် နေရတဲ့ ပွင့်ဖြူ၊ ကလေးနဲ့ ရွှေတောင် မြို့ တွေမှာ ဒုက္ခသည် စခန်း တွေ ဖွင့်လှစ်ပြီး ရေဘေး ဒုက္ခသည် ထောင်ပေါင်း များစွာ ကို ကယ်ဆယ် ကူညီ ပေးနေ တယ်လို့ ကယ်ဆယ်ရေး ဌာနက ဘီဘီစီကို ပြောပါတယ်။

ဒေသခံတွေ ကတော့ သေဆုံးသူ အရေအတွက် ဒါ့ထက် ပိုများနိုင်တယ် လို့ ပြောနေ ပါတယ်။

ချင်းပြည်နယ်က အပျက်အစီး များတယ်လို့ ရေးနေကြတဲ့ ဟားခါး မြို့တော် ကိုလည်း ဆက်သွယ်လို့ မရကြောင်း ကယ်ဆယ်ရေး ဌာနက ပြောပါတယ်။

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း၊ ချင်း နဲ့ ရခိုင်ပြည်နယ် တွေကို သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေ အဖြစ် သောကြာ နေ့က အစိုးရက ကြေညာ ခဲ့ပြီး စနေ နေ့မှာ သမ္မတ ဦးသိန်းစိန် ဟာ စစ်ကိုင်းတိုင်း က ရေဘေးသင့် နေရာ တွေကို သွား ကြည့်ခဲ့ပါတယ်။

ဧရာဝတီ၊ ပဲခူး၊ ကရင်၊ မွန်၊ ရှမ်းနဲ့ တနင်္သာရီ တိုင်းတွေ ကိုလည်း စောင့်ကြည့် အကူအညီ ပေးနေတယ်လို့ ကယ်ဆယ်ရေး ဌာနက ဆိုပါတယ်။

တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ခဲ့လို့ အကြီးဆုံး ရင်ဆိုင်ရတဲ့ ရေဘေး ထိခိုက်မှု ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ မိုးကြီး ရေကြီးတဲ့ ဒဏ်တွေကို နေရာ အနှံ့အပြား ရင်ဆိုင် နေကြရာမှာ စစ်ကိုင်း တိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် က ရေဘေးသင့် ဒေသ တွေ မှာ ရေမကျ သွားသေးဘဲ အကူအညီ အလုံးအရင်းနဲ့ လိုအပ် နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ