စစ်ကိုင်း၊ မကွေးနဲ့ ရခိုင်ပြည်နယ်မှာ ရေမကျသေးပဲ အကူအညီတွေ လိုအပ်နေ

ဓာတ်ပုံ မူပိုင် AP
Image caption ရေဘေးသင့် ဒုက္ခသည် အများအပြား ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရ

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင် ပြည်နယ်က ရေဘေးသင့် ဒေသတွေမှာ ရေကျမသွားသေးဘဲ အကူအညီ အလုံးအရင်းနဲ့ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ တမြို့နယ်လုံးလိုလို ရေတွေ ဝင်နေပြီး ရေအတက်နှေး သွားပေမယ့် နည်းနည်းချင်း ဆက်တက်နေသေးဆဲမို့ လူတွေ နေအိမ် ပြန်မနေနိုင်သေးပဲ ဖြစ်နေပါတယ်။

ကလေးမြို့နယ်မှာ ၈၀ ရာခိုင်နှုန်းကျော် ရေမြုပ်နေသလို အလားတူ ကလေးဝမြို့ပေါ်မှာလည်း ရေတွေ ကြီးနေတဲ့အတွက် ကုန်ဈေးနှုန်း ၅ဆကျော် တက်သွားခဲ့သလို စွန့်ခွာပြေးခဲ့ရတဲ့ နေအိမ်တွေမှာ ပစ္စည်း ပျောက်ရှမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းတွင်းမြစ်ရေ မြင့်တက်မှုကို အသည်းအသန် ကာကွယ်နေရတဲ့ မုံရွာမြို့ကလည်း အတော့်ကို စိုးရိမ်စရာဖြစ်နေပါတယ်။

ချင်းတွင်းက ကျလာတဲ့ ရေနဲ့ ချင်းတောင်က ကျလာတဲ့ရေကြောင့် ဧရာဝတီမြစ်ဘေးနဲ့ မုန်းချောင်းဘေးက ပွင့်ဖြူ၊ စေတုတ္တရာ၊ စကု စတဲ့မြို့တွေက ဒေသခံတွေနဲ့ အိမ်မွေး တိရိစ္ဆာန်တွေ အသက်လုပြီး ဘေးလွတ်ရာကို ပြေးခဲ့ရပါတယ်။

မကွေးတိုင်း ရေနံချောင်းမြို့နယ်က သံမန်တင်ရွာ ၊ လမ်းကူး၊ ဂုံးနောင် စတဲ့ ရွာတွေမှာလည်း စက်လှေတွေ၊ ဇက်ကူးတို့တွေ ငှားပြီး နွားတွေကို အရေးပေါ် ရွှေ့နေရတယ်လို့ ဒေသခံ တဦးက ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာတော့ ရေကြီးရေလျှံ ဖြစ်နေရာမှာ လက်ရှိ သေဆုံးသူ ၂၀ နီးပါး ရှိသွားပြီ ဖြစ်ပြီး လူဦးရေ သိန်းနဲ့ချီပြီး ဒုက္ခဖြစ်နေကြရတယ်လို့ သိရပါတယ်။

ကားလမ်းတွေ ကျိုးပြတ်ပြီး ရေလမ်းမှာလည်း ရေစီးသန်နေတဲ့ အတွက် အကူအညီတွေ မပို့နိုင်ဘဲ ဖြစ်နေရပါတယ်။ အခု လောလောဆယ်စာရင်းအရ ရေဘေးသင့် ဒုက္ခသည် သုံးသောင်းကျော် စာရင်းရထားပြီး ဒီထက် ပိုများဖို့ ရှိကြောင်းနဲ့ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ အဆက်အသွယ် ပြတ်နေတဲ့အတွက် စာရင်း ကောက်ယူရာမှာ အခက်အခဲ ရှိနေတယ်လို့ ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

ရသေ့တောင်မြို့နယ် စေတီပြင် ကျေးရွာမှာလည်း လူပေါင်း တထောင် နီးပါးလောက် ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြရသလို ပုဏ္ဍားကျွန်းမြို့နယ် ယိုးတရုတ်ရွာ အထက်တန်းကျောင်းမှာလည်း လူပေါင်း တထောင်ကျော် ခိုလှုံနေကြရပါတယ်။

ဘူးသီးတောင်မြို့နယ်မှာလည်း သက်ဆိုင်ရာက အတည်မပြုနိုင်သေးပေမယ့် လူ ၁၀ယောက်ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဘေးလွတ်ရာ ခိုလှုံနေရတယ်လို့ လူမှုကယ်ဆယ်ရေး လုပ်နေသူ တဦးက ပြောပြပါတယ်။

မြောက်ဦးမြို့နယ် တစ်လုံးမှာတော့ အိမ်တွေ ရွာတွေကို ရေဖုံးလွှမ်းထားပြီး ရေပင်လယ် အတိ ဖြစ်နေပြီလို့ မြောက်ဦး အလိုတော်ပြည့်ကျောင်းဆရာတော်က မိန့်ပါတယ်။