ရေဘေးကြောင့် သေဆုံးသူတွေ တိုးလာ

  • 3 ဩဂုတ် 2015
Burma Floods
Image caption ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာ ခန့်မှန်းလို့ မရနိုင်သေး

မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ် အတော်များများမှာ ရေကြီးမှု မြေပြိုမှုတွေကြောင့် သေဆုံးသူ ၄၆ ယောက်ထက် မနည်းရှိသွားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမှာ နောက်ထပ် သေဆုံးသူ ၅ ယောက် ရှိတယ်လို့ ဒေသခံတွေက ဘီဘီစီကို ဇူလိုင်လ ၃ ရက်နေ့က ပြောပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် အတွင်းမှာတင် သေဆုံးသူ ၄၀ နီးပါး ရှိပြီဖြစ်ပါတယ်။ ။

ရေကြီး ရေလျှံမှုကြောင့် ထိခိုက်ရသူ နှစ်သိန်းကျော် ရှိတယ်လို့လည်း ဆိုပါတယ်။

ရေကြီးလို့ တံတားတွေအတော်များများ ပျက်စီးပြီး လမ်းပန်း ဆက်သွယ်ရေးတွေ ခက်ခဲနေတာကြောင့် ရေဘေးသင့် ဒေသတွေအားလုံးကို ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်နိုင်တဲ့ အနေအထားလည်း မရှိသေးပါဘူး။

ရိက္ခာနဲ့ သောက်သုံးရေ အခက်အခဲရှိတဲ့ နေရာတွေကို တပ်မတော် ရဟတ်ယာဉ်တွေနဲ့ လိုက်လံ ပို့ပေးနေတယ်လို့ အာဏာပိုင်တွေ ဘက်က သတင်း ထုတ်ပြန်ပါတယ်။

လောလောဆယ်မှာ အစိုးရပိုင်းကရော ပုဂ္ဂလိက အလှူရှင်တွေကပါ ရေဘေး သင့်သူတွေအတွက် အကူအညီတွေ ပို့ဆောင်ပေးနေပေမဲ့ လုံလောက်မှု မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်၊

အရေးအကြီးဆုံး သောက်ရေ လိုအပ်နေကြတာ ဖြစ်တယ်လို့ ကူညီထောက်ပံ့နေကြသူတွေက ပြောပါတယ်။

ချင်းပြည်နယ် အတွင်း အဆိုးရွားဆုံး ရေဘေးဒဏ် ခံခဲ့ရတဲ့ ကလေးမြို့မှာတော့ အခု ရေကျသွားပြီ ဖြစ်ပေမဲ့ မြို့ပြင် ကွန်ပြူတာ တက္ကသိုလ်မှာ ပိတ်မိနေတဲ့ ဝန်ထမ်းတွေနဲ့ ကျောင်းသား ၄၈ ယောက်ကိုတော့ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲကြောင့် ကယ်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေပါတယ်။

ကလေးမြို့ အထက်ပိုင်းက ချင်းတောင်ပေါ် တက်တဲ့ လမ်းပိုင်း အတော်များများ ပျက်စီးနေတာကြောင့် ကလေးမြို့ကနေ ချင်းပြည်နယ်အတွင်း ဘယ်မြို့ကိုမှ သွားလာလို့ မရသေးပါဘူး။

ချင်းပြည်နယ် အတွင်ဒ အိမ်အလုံး ၅၀၀ ထက်မနည်း မြေပြိုပြီး ပျက်စီးခဲ့ရာမှာ တီးတိန်မြို့နယ် ကျေးရွာ ၇ ရွာမှာ လူနေအိမ် ၇၀ ကျော် ပျက်စီးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ