မြန်မာအစိုးရက နိုင်ငံတကာ အကူအညီ တောင်းခံ

ဓာတ်ပုံ မူပိုင် AFP
Image caption လူ ၂ သိန်းကျော် ရေဘေး ဒုက္ခနဲ့ ကြုံတွေ့နေရ။

မြန်မာ နိုင်ငံမှာ ဆိုးရွား လှတဲ့ ရေဘေး ဒုက္ခ ဒဏ် ခံနေကြ ရတဲ့ သူတွေ အတွက် မြန်မာ အစိုးရက နိုင်ငံ တကာ အကူ အညီတွေ လာရောက် ကြဖို့ ဖိတ်ခေါ် လိုက်ပြီ ဖြစ်ပါတယ်။

ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှု တို့ကြောင့် အတိဒုက္ခ ရောက်နေကြတဲ့ နိုင်ငံအနှံ့က လူ နှစ်သိန်း ကျော် အတွက် နေရာထိုင်ခင်းနဲ့ စားစရာ အလုံအလောက် ပေးနိုင် ရေးမှာ မြန်မာ အစိုးရ အတွက် အခက်အခဲ ရှိနေတာ ဖြစ်ပါတယ်။

သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ အရ အခုလိုမျိုး နိုင်ငံ တကာကို အကူ အညီ အတွက် ဖိတ်ခေါ် လိုက်တာ ဖြစ်တယ်လို့ လူမှု ဝန်ထမ်း ကယ်ဆယ် ရေးနဲ့ ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင် က ဘီဘီစီကို ပြောပါတယ်။

အခုလို့ ရေကြီး ရေလျှံ မှုဟာ နှစ်ပေါင်း ၆၀ ကျော် အတွင်း အဆိုးဝါး ဆုံး ဖြစ်ပွား ခဲ့ကြောင့် နိုင်ငံ တကာ အကူ အညီ တွေဟာ မဖြစ် မနေ လိုအပ် တယ်လို့ လည်း ဦးစိုးအောင်က ပြောပါတယ်။

ဒုက္ခ ရောက်နေ သူတွေ အတွက် အလျင် အမြန် ကူညီဆောင်ရွက် မှု အပိုင်း အားနည်းမှု ရှိခဲ့တယ် ဆိုတဲ့ ဝေဖန် ပြောဆို မှုတွေ ကိုတော့ ဦးစိုးအောင်က ငြင်း ဆို ခဲ့ပြီး ဒါဟာ သတင်း ချပြတဲ့ အပိုင်းမှာ အားနည်း သွားတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ အပိုင်း မှာတော့ နှောင့်နှေး မှုတွေ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

နှစ်ပေါင်း ၈၀ လောက် အတွင်း အခုလို မဖြစ် ခဲ့တဲ့ အတွက် ကြိုတင် ပြင်ဆင်မှု မရှိတဲ့ အခြေ အနေကိုတော့ သင်ခန်းစာ ယူရမှာ ဖြစ်တယ်လို့ ဦးစိုးအောင်က ပြောကြား သွားပါတယ်။

၂၀၀၈ ခုနှစ်မှာ ဆိုင်ကလုန်း နာဂစ်ကြောင့် လူ အများအပြား သေကြေ ပျက်စီး ခဲ့ချိန် ကတော့ အဲဒီ အချိန်က တိုင်းပြည် ကို အုပ်ချုပ် ခဲ့တဲ့ ဗိုလ်ချုပ်ကြီး တွေက ပြည်ပ အကူ အညီ တွေကို လက်ခံဖို့ ငြင်းဆိုခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ