ရခိုင်က မြို့နယ်၅ခုကို သဘာဝဘေးဇုံ မြို့နယ်တွေအဖြစ် သတ်မှတ်

  • 4 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် AP
Image caption ရခိုင်ပြည်နယ် မြောက်ဦးမြို့က ရေဘေး ဒုက္ခသည်တွေ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရ

ရခိုင်ပြည်နယ်တွင်းက မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြားနဲ့ မြောက်ဦး စတဲ့ မြို့နယ် ၅ခုကို သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ မြို့နယ်တွေ အဖြစ် ပြည်နယ် အစိုးရက သတ်မှတ် လိုက်ပြီ ဖြစ်ပါတယ်။

ရသေ့တောင်၊ ပုဏ္ဍားကျွန်းစတဲ့ မြို့နယ်တွေကတော့ ရေဘေးဒဏ်ကို အထိုက်အလျောက် ထိခိုက်ခဲ့ပေမယ့် အဲဒီ ၅မြို့နယ်လောက် ထိခိုက်မှု ပမာဏ မကြီးတဲ့အတွက် သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ မြို့နယ်တွေထဲမှာ ထည့်သွင်းမထားကြောင်း၊ စာရင်းထဲမှာ မပါတဲ့ မြို့နယ်တွေမှာ ရှိတဲ့ ရေဘေးသင့် ဒုက္ခသည် ပြည်သူတွေအတွက်လည်း အကူအညီပေးမှုတွေ ဆက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလှသိန်းက ဘီဘီစီကို ပြောပါတယ်။

ရေဘေး သင့် မြို့နယ်တွေဆီ တပ်မတော်က ရဟတ်ယာဉ်တွေ စေလွှတ်ပြီး ရိက္ခာ ထောက်ပံ့မှုတွေ လုပ်နေပြီး လောလောဆယ် ရေဘေးဒုက္ခသည်တွေအတွက် စားနပ် ရိက္ခာ ပြတ်လပ်သွားတဲ့ အခြေအနေ မရောက်သေးဘူးလို့ သူက ပြောပါတယ်။

အခုအခါ ရေကျသွားပြီ ဖြစ်ပေမယ့် မြို့နယ်တိုင်းမှာ ကျေးရွာအုပ်စု အများအပြား ရှိနေတာကြောင့် ရေကြီးနေချိန်မှာ ကျေးရွာတိုင်းကို စက်လှေတွေနဲ့ သွားရောက် အကူအညီပေးဖို့ မလွယ်တဲ့အတွက် လောလောဆယ်မှာတော့ ကျေးရွာတိုင်းစီ စားနပ် ရိက္ခာတွေ ၊ သောက်သုံးရေတွေ မထောက်ပံ့နိုင်သေးဘူးလို့လည်း ဦးလှသိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရရဲ့ အတည်ပြုထားချက်အရ အင်္ဂါနေ့ညနေထိ ရခိုင်ပြည်နယ် အတွင်း လူ ၃၉ ဦးနဲ့ ကျွဲနွားကောင်ရေ ၉၀၀ နီးပါး သေဆုံးခဲ့ပြီး စိုက်ပျိုး လယ်ဧက ၂ သိန်းနီးပါး ခန့် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း အခုအခါ ရေကျသွားပြီ ဖြစ်ပေမယ့် ရေဘေးဒုက္ခသည် အများစုဟာ စာသင်ကျောင်းတွေမှာ ခိုလှုံနေရဆဲ ဖြစ်တယ်လို့ ကလေးမြို့မှာ သွားရောက်သတင်းယူနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အခုအခါ ကလေးမြို့မှာ ဆန်တအိတ်ကို ခြောက်သောင်းလောက် ဖြစ်နေပြီး စားသုံးကုန်တွေ စျေးတက်နေတယ်လို့ သူက ပြောပါတယ်။