ရေဘေးအတွက် နိုင်ငံခြား အလှူငွေတွေ စရောက်လာ

  • 5 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် AP
Image caption ရေဘေး ဒုက္ခသည်တွေအတွက် အိမ်ယာပြန်လည် တည်ဆောက်ရေး ပစ္စည်းတွေနဲ့ လယ်ယာသုံး စက်ပစ္စည်းတွေ လှူဒါန်းရင် ပိုအသုံးဝင်

မြန်မာနိုင်ငံက ရေဘေး ဒုက္ခသည်တွေ အတွက် နိုင်ငံခြား အလှူတွေ စတင် ရောက်ရှိလာနေပြီ ဖြစ်ရာမှာ ဗီယက်နမ် နိုင်ငံက ဒေါ်လာ ၅ သောင်း၊ စင်ကာပူက ဒေါ် လာ ၁ သိန်း၊ ဂျပန်က ဒေါ်လာ ၁သိန်းခွဲ၊ မလေးရှား ပက်ထရိုနက် ရေနံကုမ္ပဏီက ဒေါ်လာ ၁ သိန်းခွဲ၊ ထိုင်းက ဘတ်ငွေ ၅ သန်း အစ ရှိသဖြင့် နိုင်ငံခြား အလှူငွေတွေကို လက်ခံ ရခဲ့ပါတယ်။

သောက်သုံးရေ၊ အစားအသောက်နဲ့ ဆေးဝါး လှူဒါန်းတာမျိုးတွေလည်း ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သြစတြေးလျ၊ အမေရိကန် စတဲ့ နိုင်ငံတွေ ကလည်း လှူဒါန်းဖို့ ပြင်ဆင်နေကြတဲ့အကြောင်း ဖုန်းဆက် အကြောင်းကြား လာတာ ရှိတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

တရုတ်နိုင်ငံက ကယ်ဆယ်ရေး Blue Sky အဖွဲ့တဖွဲ့ကတော့ လူကိုယ်တိုင် လာရောက်ပြီး ရေဘေး ဒုက္ခသည်တွေအတွက် ကူညီဆောင်ရွက်မှုတွေ စလုပ်နေတယ်လို့ ဆိုပါတယ်။

ပြန်လည် ထူထောင်ရေးအတွက် အိမ်ယာ ပြန်လည် တည်ဆောက်ရေး ပစ္စည်းတွေနဲ့ လယ်ယာသုံး စက်ပစ္စည်းတွေ လိုအပ်နေပြီး ဒါတွေကို လှူဒါန်းမယ် ဆိုရင် အသုံးဝင်မှာ ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

မနေ့ ညနေပိုင်း အထိကတော့ နိုင်ငံခြားကနေ ဒေါ်လာ ၅ သောင်းနဲ့ ၁ သိန်းခွဲအထိ လောက်ပဲ လှူဒါန်းတာ တွေ့ရပြီး ဒေါ်လာ သန်းချီပြီး အကူအညီ ပေးတာမျိုးတွေကိုတော့ လောလောဆယ် မတွေ့ရသေးပါဘူး။