တရုတ်ကယ်ဆယ်ရေး ပစ္စည်းတွေ မန္တလေးကို ပို့ပေး

  • 6 ဩဂုတ် 2015
Locals donate relief aid supply for flood victims at the Air Force base in Yangon ဓာတ်ပုံ မူပိုင် EPA
Image caption ဒေသခံတွေရဲ့လှုဒါန်း ပစ္စည်းတွေကို တပ်မတော် လေယာဉ်တွေနဲ့ သယ်ပို့ပေး

မြန်မာနိုင်ငံက ရေဘေးသင့် သူတွေ အတွက် နိုင်ငံတကာက အကူအညီတွေ ပေးမယ်နေကြ ချိန်မှာ တရုတ်နိုင်ငံက Blue Sky Rescue Team လို့ ခေါ်တဲ့ NGO ကယ်ဆယ်ရေး အဖွဲ့တစ်ဖွဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်နေပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်နေပြီလို့ တရုတ်သံရုံးက ပြောပါတယ်။

အဖွဲ့၀င် ၁၀ ယောက် ပါတဲ့ အဲဒီအဖွဲ့ဟာ တရုတ်မြန်မာ ချစ်ကြည်ရေး အသင်းတွေရဲ့ ဖိတ်ခေါ်မှုနဲ့ လာရောက် ခဲ့တာဖြစ်ပြီး ရခိုင်ဝန်ကြီးချုပ်ရဲ့ မေတ္တာ ရပ်ခံချက်အရ သူတို့ ယူဆောင်လာတဲ့ စက်လှေတွေ ရှာဖွေရေး ကိရိယာတွေနဲ့ ကယ်ဆယ်ရေး လုပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ် သံအမတ်ကြီးရဲ့ တိုက်တွန်းချက်အရ မြန်မာနိုင်ငံမှာ စီးပွားရေး လာလုပ်နေကြတဲ့ တရုတ် ကုန်သည်တွေကလည်း ရေဘေးကယ်ဆယ်ရေး လုပ်ငန်းမှာ ပါဝင် ကူညီဖို့ သဘောတူခဲ့တယ်လို့ ပြောပါတယ်။

သြဂုတ်လ ၆ ရက်နေ့ကပဲ ယူနန်ပြည်နယ်က ကယ်ဆယ်ရေးပစ္စည်းတွေ ကုန်တင်ကား ၁၄ စီးနဲ့ မန္တလေးကို ပို့ပေးခဲ့တယ်လို့ တရုတ်သံရုံးက ပြောပါတယ်။

တရုတ် ကူသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ကယ်ဆယ်ရေး လုပ်ငန်းအတွက် စက်လှေ အစီး ၁၀၀ လောက် ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ တရုတ် စီမံကိန်းနဲ့ တရုတ် ကုမ္ပဏီပိုင် စက်ရုံတွေပိုက်လိုင်းတွေ ထိခိုက်ပျက်စီးမှုရှိတယ်ဆိုတဲ့ သတင်းမကြားရဘူးလို့ ပြောပါတယ်။

ရခိုင် ပြည်နယ်ဘက်မှာ အခြေအနေတွေ ဆိုးနေပြီး နောက်ပိုင်းရက်တွေမှာလည်း မုန်တိုင်း တိုက်နိုင်တာကြောင့် သံအမတ်ကြီးက စိုရိမ်တဲ့အတွက် အတတ်နိုင်ဆုံး ကူညီဖို့ ဆုံးဖြတ် ထားတယ်လို့ တရုတ်သံရုံးတာဝန်ရှိသူက ပြောပါတယ်။

ကယ်ဆယ်ရေးတွေ လုပ်ဖို့ အဓိက လေယာဉ် ရဟတ်ယာဉ် စက်လှေတွေလို သယ်ယူ ပို့ဆောင်ရေး လိုအပ်ချက်တွေ ရှိတာ တွေ့ရလို့ တယ်လို့ မြန်မာအစိုးရ ဘက်က မေတ္တာရပ်ခံရင် တရုတ်အစိုးရက အကူညီပေးဖို့ စဉ်းစားနိုင်တယ်လို့ တရုတ်သံရုံး တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။