ရေဘေးသင့် ဒေသတွေ ပြန်လည်ထူထောင်ရေး

  • 6 ဩဂုတ် 2015
flood myanmar ဓာတ်ပုံ မူပိုင် AFP
Image caption ရေဘေးသင့် အကူအညီတွေ အပူတပြင်း လိုအပ်နေ

မြန်မာနိုင်ငံ တဝှမ်း ပြည်နယ် အတော် များများမှာ ရေကျ သွားပေမယ့် စားဝတ် နေရေးအတွက် အခက်အခဲ တွေ ရှိနေသလို နောက်ဆက်တွဲ ဆိုးကျိုးတွေ ကို စပြီး ခံစားနေရပါပြီ။

ရေဘေးသင့်ခဲ့တဲ့ ဒေသတွေမှာ အစိုးရရော အရပ်ဘက် အဖွဲ့အစည်း တွေပါ ကူညီခဲ့လို့ အစားအသောက် အတွက် အဆင်ပြေ ပေမယ့် ရေကျသွားလို့ အိမ်ပြန်သူ တွေမှာ လုပ်ကိုင် စားသောက်ရတဲ့ နွားတွေ မရှိ တော့တာ ပစ္စည်းပစ္စယ တွေ ဆုံးရှုံး တာတွေကြောင့် အခက်တွေ့ နေကြပါပြီ။

မကွေးတိုင်း ပွင့်ဖြူနဲ့ စေတုတ္တရာ ဘက်တွေမှာ မသန့်ရှင်းတဲ့ ရွှံ့ရေ တွေကြောင့် ရေသန့် ဆေးပြားတွေ၊ ရေသန့်စက် တွေနဲ့ ဝမ်းရောဂါ ကြိုတင် ကာကွယ်ရေးဆေးတွေ လိုသလို အဆိပ်ရှိတဲ့ မြွေတွေ အကိုက်ခံရပြီး သေဆုံးသူ တွေ ရှိနေလို့ မြွေဆိပ်ဖြေဆေး အများဆုံး လိုနေတယ်လို့ ကွင်းဆင်း ကူညီနေတဲ့ ရန်ကုန် နာရေးကူညီမှု အသင်း တာဝန်ခံ ကိုဝေယာ အောင်မြင့်က ပြောပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက အစိုးရ အကူညီ မယူဘဲ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ ကော်မတီ နဲ့ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီများ ဖက်ဒရေးရှင်း နဲ့ပေါင်းပြီး ပြန်လည် ထူထောင်ရေး တွေ လုပ်မယ် လို့ ကြက်ခြေနီ ဒုတိယ ညွန်ကြားရေးမှူး ဒေါ်စန်းစန်းမော် က ဆိုပါတယ်။

ဒေါ်အောင်ဆန်း စုကြည် နိုင်ငံတကာကို မေတ္တာ ရပ်ခံ

ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်စု ရေဘေးသင့် ဒေသကို သွားကြည့်

ရေဘေးသင့် ဒေသတွေ ပြန်လည် ထူထောင်ရေး အတွက် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတကာကို ဗီဒီယိုဖိုင် ကတဆင့် မေတ္တာ ရပ်ခံခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရေဘေးတွေ အတွက် အရေးပေါ် အကူအညီတွေ အပါအဝင် ရေရှည်ပြန်လုပ်ရမယ့် ထူထောင်ရေး လုပ်ငန်းတွေမှာ နိုင်ငံတကာက စေတနာ ထက်သန်စွာနဲ့ ပါဝင် ကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း လိုက်ပါတယ်။

ကူညီရင်လည်း ပြန်လည် ထူထောင်ရေး အတွက် အကျိုးရှိရှိ ထိရောက်အောင် လုပ်ဖို့ ပူးပေါင်း ဆောင်ရွက်ကြပါလို့ တိုက်တွန်းသွားပါတယ်။

ဒါ့အပြင် အခု ဖြစ်ပေါ်နေတဲ့ ရေဘေးဒဏ် ကြောင့် နိုဝင်ဘာ ရွေးကောက်ပွဲ ချောမွေ့ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မထိခိုက်အောင် အတတ်နိုင်ဆုံး ကူညီ ပေးကြဖို့ ပြောသွားပါတယ်။

ရေဘေးသင့် ခဲ့တဲ့ ပြည်သူတွေ အနေနဲ့ ဘယ်လို ကူညီမှုတွေ လိုအပ်သလဲ နယ်မြေခံ NLD တွေက တဆင့် ချိတ်ဆက် သတင်းပို့ပြီး အစိုးရ အပါအဝင် အရပ်ဘက် အဖွဲ့အစည်း တွေနဲ့ ပူးပေါင်း လုပ်ဆောင် သွားမယ်လို့ ဒေါ်ခင်ကြည် ဖေါင်ဒေးရှင်း ရဲ့ အလုပ် အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ ဥမ္မာက ပြောပါတယ်။

သီတဂူ ဆရာတော်နဲ့ အလိုတော်ပြည့် ဆရာတော် တို့ ဦးဆောင်တဲ့ ပရဟိတ အဖွဲ့တွေ ကလည်း နိုင်ငံတကာနဲ့ ချိတ်ဆက် အကူအညီ တွေ တောင်းခံပြီး ကူညီ သွားမယ် လို့ မိန့်ပါတယ်။

အိန္ဒိယ နိုင်ငံက လေယာဉ်က ၃ စီးနဲ့ ဆန် တန်ချိန် ၁ဝဝ၊ ခေါက်ဆွဲထုပ် တသောင်း၊ ရေသန့်ဆေး၊ ဝမ်းရောဂါ ကုဆေးနဲ့ အခြား အသက်ကယ်ဆေး ၁၀ တန် ပို့လိုက်တယ် လို့ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး က ထုတ်ပြန် ပါတယ်။

တရုတ်ပြည် ယူနန် အစိုးရက ရွှေလီ မူဆယ်နယ်စပ်က တဆင့် ကုန်ကား ၁၄ စီးနဲ့ အကူအညီတွေ ပို့လိုက်တယ်လို့ တရုတ်သံရုံး က ထုတ်ပြန်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ