တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ပါ အချက်တွေ အားလုံးကို သဘောတူ

  • 7 ဩဂုတ် 2015
mpc_ncct
Image caption အပစ်ရပ် စာချုပ်ပါအချက်တွေကို သဘောတူခဲ့ကြ

ရန်ကုန်မြို့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေရဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တွေ ၂ ရက်တာ ဆွေးနွေး ခဲ့ကြ ပါတယ်။

အဲဒီ ဆွေးနွေးပွဲကနေ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ပါ အချက်တွေ အားလုံးကို သဘောတူနိုင်ခဲ့ပြီး အများပြည်သူ သိအောင် သတင်းစာတွေ ကနေ ကြေညာဖို့ သဘောတူ နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လက်မှတ် ရေးထိုးမယ့် တိုင်းရင်းသား အဖွဲ့အားလုံး ပါဝင်ဖို့ကိုတော့ သဘောတူညီချက် မရသေးဘူးဖြစ်ပါတယ်။

တိုင်းရင်းသား ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ အဲန်စီစီတီ အဖွဲ့ဝင် ၁၆ ဖွဲ့ထဲမှာ တစ်ဖွဲ့ခြင်း ငြိမ်းချမ်းရေး လက်မှတ် မထိုးရသေးတဲ့ ၆ ဖွဲ့ကို အစိုးရဘက်က လက်မခံသေးလို့ ဖြစ်ပါတယ်။

အဲဒီအထဲက လက်နက်ကိုင် ၃ ဖွဲ့ကတော့ ကိုးကန့် ၊ ပလောင်နဲ့ ရခိုင်တပ်မတော်တို့ ဖြစ်ကြပြီး လက်နက် မကိုင်တာ ကတော့ လားဟူဒီမိုကရက်အဖွဲ့၊ အာရကန်အမျိုးသားကောင်စီနဲ့ ဝ အမျိုးသား အဖွဲ့တို့ဖြစ်ပါတယ်။

ကျန်နေတဲ့ အဖွဲ့ ၆ ဖွဲ့ ကိစ္စရော လက်မှတ်ရေးထိုးမယ့် ရက်သတ်မှတ်ဖို့ကိုရော တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင်တွေနဲ့ အစိုးရ ထိပ်သီးခေါင်းဆောင်တွေ ဆက်လက် ဆွေးနွေးဖို့ရှိ တယ်လို့ တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ပဒိုကွယ်ထူးဝင်း ကပြောပါတယ်။

စာချုပ်ကို ၂ ဘက် ထိပ်ဆုံး ခေါင်းဆောင်တွေ လက်မှတ်ထိုးကြမှာ ဖြစ်ပါတယ်။ အစိုးရဘက်က သမ္မတနဲ့ ကာကွယ်ရေး စစ်ဦးစီးချုပ်တွေ ပါဝင်တဲ့ ထိပ်ဆုံး ခေါင်းဆောင်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

တိုင်းရင်းသားတွေ ဘက်က ဥက္ကဌ၊ အတွင်းရေးမှူးနဲ့ စစ်ဦးစီးချုပ်တို့ ပါဝင် လက်မှတ် ရေးထိုးမှာ ဖြစ်ပါတယ်။

ပြည်တွင်း သက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနဲ့ ပါတီ အသီးသီးက ခေါင်းဆောင်တွေ ပါဝင် လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ သက်သေကတော့ ကုလသမဂ္ဂ၊ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံက ကိုယ်စားလှယ်တွေ သက်သေအဖြစ် လက်မှတ်ရေးထိုးမှာဖြစ်ပြီး ကျန်တဲ့ နိုင်ငံတွေကတော့ မျက်မြင်သက်သေတွေ အဖြစ် လက်မှတ်ရေးထိုးပွဲကို တက်ရောက်မှာဖြစ်ပါတယ်။