ရခိုင် သွားခွင့် မရခဲ့လို့ Yanghee Lee စိတ်ပျက်

ဓာတ်ပုံ မူပိုင် AP
Image caption ရခိုင်ပြည်နယ် သွားခွင့်မရခဲ့လို့ စိတ်ပျက်ခဲ့ ရတယ်လို့ Ms Yanghee Lee ပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee က သူ့ကို မြန်မာ အစိုးရက ရခိုင်ပြည်နယ်ထဲ သွားခွင့် ပိတ်ပင်ခဲ့ တာကြောင့် စိတ်ပျက်ခဲ့ရတယ်လို့ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အပြီးမှာ ပြောကြား လိုက်ပါတယ်။

တတိယအကြိမ်မြောက် ခရီးစဉ် အပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ Ms Yanghee Lee က နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲ မတိုင်ခင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဆန်းစစ်ဖို့ အတွက် သူလာရောက်ခဲ့တာ ဖြစ်ကြောင်း နဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ သံတမန်တဦး အဖြစ် သူ့ရဲ့ တာဝန်တွေကို ထမ်းဆောင်ရာမှာ မြန်မာ အစိုးရက ပူးပေါင်း ကူညီခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ဖေါ်ပြထားပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ခရီးစဉ်တွေတုန်း ကလို ဒီတစ်ခေါက်မှာလည်း ၁၀ ရက် နေခွင့်ပေးဖို့ ပန်ကြားချက်ကို မြန်မာ အစိုးရက ခွင့်မပြုခဲ့သလို ရခိုင်ပြည်နယ်ထဲ သွားခွင့် မပေးနိုင်ဘူး ဆိုပြီး သူမြန်မာပြည် မလာခင်ကတည်းက မြန်မာ အာဏာပိုင်တွေက ငြင်းဆိုခဲ့တဲ့အတွက် စိတ်ပျက်ခဲ့ရတယ်လို့ Ms Yang hee Lee က ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ တွေ့ခွင့်ကို မြန်မာ အစိုးရက ပိတ်ပင်ခဲ့သလို အစိုးရ အဆင့်မြင့် ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခွင့်ကိုလည်း အနားကပ်ပြီးမှ ဖျက်သိမ်းတာမျိုး၊ ရွှေ့ဆိုင်းတာမျိုးတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဘက်လိုက်မှု ကင်းကင်းနဲ့ အရှိအတိုင်း ရှင်းရှင်းလင်းလင်း တင်ပြနိုင်ဖို့ အတွက် ဆိုရင် သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ဆုံခွင့် ရဖို့ လိုတယ် လို့လည်း Ms. Yanghee Lee က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ကြုံတွေ့နေရတဲ့ ရေဘေးအန္တရာယ်ကို မြန်မာပြည်သူတွေ စုစုစည်းစည်းနဲ့ တုန့်ပြန် ဆောင်ရွက်နေတာကို တွေ့ရတာ အင်မတန်မှ ဝမ်းသာ ကြည်နူးစရာ ကောင်းတယ်လို့ Ms Yanghee Leeရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

Ms Yanghee Lee ကို ရခိုင်ပြည်နယ်ထဲ သွားခွင့် မပြုခဲ့တာနဲ့ ပတ်သက်လို့ သမ္မတ ရုံး ညွှန်ကြားရေးမှူး ဦးဇော် ဌေး က ရခိုင်ပြည်နယ် အပါအဝင် မြန်မာ တနိုင်ငံလုံး ရေဘေးအန္တရာယ် ရင်ဆိုင် ကြုံတွေ့နေရချိန်မှာ ဒီကိစ္စကို Ms Yanghee Lee အနေနဲ့ နားလည်ပေးသင့်တယ်လို့ ဘီဘီစီ ကို ပြောပါတယ်။