၈၈၈၈ နှစ်ပတ်လည်မှာ သမိုင်းပြတိုက် ဖွင့်

  • 8 ဩဂုတ် 2015
၈၈၈၈
Image caption ပြောင်းလဲလာပေမယ့် ပန်းတိုင်မရောက်သေးလို့ ဦးမင်းကိုနိုင်ပြော

၂၇ နှစ်မြောက် ၈၈၈၈ အရေးအခင်း နှစ်ပတ်လည်နေ့အခန်းအနားတွေကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွင့်အစည်းရုံးမှာလည်း ၈၈၈၈ သမိုင်းပြတိုက် (ယာယီ)ကို ဖွင့်လှစ်ခဲ့ပါတယ်။

ဓမ္မပီယ ဘုန်းကြီးကျောင်းမှာလည်း ၈၈၈၈ မျိုးဆက်အဖွဲ့က ဦးဆောင်ပြီး သံဃာတော်တွေကို ဆွမ်းကပ်အမျှဝေတာနဲ့ ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် အခုလိုကာလအတွင်းမှာ တစ်နိုင်ငံလုံးက လူထုကနေ တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ဖိနှိပ်ဖြိုခွဲခံရမှုတွေအတွင်း သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

၈၈၈၈ အရေးအခင်းနောက်ပိုင်း ပြောင်းလဲမှုတချို့ဖြစ်ပေါ်ခဲ့ပေမယ့် ဒီမိုကရေစီအင်အားစုတွေကြား ညီညွတ်ဖို့ လိုတယ်လို့ ၈၈၈၈ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမင်းကိုနိုင်က ဘီဘီစီကို ပြောပါတယ်။

၁၉၈၈ ခုနှစ်တုန်းက တစ်ဘက်သတ် တောင်းဆိုခဲ့မှုတွေကနေ အခုခေတ်မှာ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးတွေကို အာဏာပိုင်တွေဘက်က လက်ခံလာတယ်လို့ သူက ပြောပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီဆီ သွားဖို့ဆိုရင်တော့ ဆုံးဖြတ်ပိုင်ခွင့်ရှိသူ ခေါင်းဆောင်တွေဘက်က ရှင်းလင်းတဲ့ သတင်းစကားကို ပေးဖို့ လိုသလို ဒီမိုကရေစီပန်းတိုင်အတွက် ပြည်သူတွေ လမ်းခရီးမှာ လိုက်ပါနိုင်အောင် ဖန်တီးပေးဖို့လည်း လိုတယ်လို့ သူက ဆိုပါတယ်။