ရေ​ကြီး​အပြီး ကလေး​မြို့​မှာ နောက်ဆက်တွဲ ပြဿနာ​တွေ ပေါ်ပေါက်​နေ

  • 8 ဩဂုတ် 2015
_kalay
Image caption မသန့်ရှင်းတဲ့ သောက်သုံးရေ ကြောင့် ကလေးမြို့နယ် ထဲ က ကျေးရွာ တချို့မှာ ဝမ်းရောဂါ စတင် ဖြစ်ပွား။

ကလေးမြို့နယ် မှာ ရေပြန် ကျသွားပေမယ့် နောက်ဆက်တွဲ ပြဿနာ တွေ ဖြစ်လာနေပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်း တွေ အတွက် စိန်ခေါ်မှု တွေ ရှိနေပါတယ်။

မသန့်ရှင်း တဲ့ သောက်သုံးရေ ကြောင့် ကလေးမြို့နယ် ထဲ က ကျေးရွာ တချို့ မှာ ဝမ်းရောဂါ စတင် ဖြစ်ပွား နေပြီ လို့ ကူညီရေး အဖွဲ့တွေ က ဆိုပါတယ်။

ထိုမာ ဆိုတဲ့ ရွာမှာ ဆို လူ ၁၅၀ လောက် ဝမ်း ရောဂါ ဖြစ်နေ ကြတယ် လို့ သိရပါတယ်။

ကလေးလွင်ပြင် ရေဘေး ကူညီရေး အဖွဲ့ရုံး မှာ အခမဲ့ ဆေးခန်းဖွင့်ပြီး ဆေးကုသ ပေးနေတဲ့ ဒေါက်တာ မြင့်အောင် ရဲ့ အဆိုအရ ၀မ်းရောဂါ အပြင် အရေပြား ဆိုင်ရာ ပြဿနာ တွေ နဲ့ စိတ်ပိုင်း ဆိုင်ရာ ပြဿနာ မျိုး တွေ လည်း ရှိ နေတယ် လို့ ဆိုပါတယ်။

အဲဒီလို ကျန်းမာရေး အတွက် စိုးရိမ်စရာ ဖြစ်လာသလို ရေကျ သွားချိန် မှာ တင်ကျန်ရစ် ခဲ့တဲ့ ရွှံ့တွေ နုံးတွေ ကြောင့် လမ်းတွေ ပျက်စီးပြီး သွားရေး လာရေး ခက်ခဲကာ ဒုက္ခသည် တွေ လည်း အိမ် မပြန်နိုင်ကြ ဖြစ်နေ ရပါတယ်။

သဲနုံးတွေ ဖုံးလွှမ်း ကျန် ရစ် ခဲ့တဲ့ စိုက်ပျိုး မြေ တွေ မှာလည်း ပြန်လည် ထွန်ယက် နိုင်ဖို့ ခက်ခဲ နေပါတယ်။

ကလေး ခရိုင်ထဲ မှာ စပါးစိုက် ဧက သုံးသောင်းလေးထောင် ကျော်၊ နှမ်းစိုက် ဧက တစ်သောင်းကျော် နဲ့ အစေ့ထုတ် ပြောင်း စိုက်ဧက လေးထောင် ရေကြီး နစ်မြုပ် ခဲ့ရတယ် လို့ ခရိုင် အုပ်ချုပ်ရေး မှုး ဦးမောင်ထူး က ပြောပါတယ်။

ပျက်စီး သွားတဲ့ လယ်မြေ တွေ အတွက် မျိုးစပါး နဲ့ ထွန်ယက်ခြင်း ကို အစိုးရ က စီစဉ် ဆောင်ရွက် ပေးမယ် လို့လည်း ဦးမောင်ထူး က ဆိုပါတယ်။

သိုလှောင် ထားတဲ့ ဆန်၊ ပဲ နဲ့ နှမ်း တွေ ပျက်စီး ဆုံးရှုံး တဲ့ ဒဏ်ကို လည်း ကလေးမြို့ ပေါ်က ကုန်သည် အများစု ခံခဲ့ ကြရ ပါတယ်။

ဒါ့ကြောင့် ကလေးမြို့ ပြန်လည် ထူထောင်ရေး လုပ်ငန်း တွေ ကို စံနစ်တကျ နဲ့ အချိန်ယူ ဆောင်ရွက် ကြရဦး မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ