မြောက်ဦးဘက်မှာ သောက်သုံးရေ အခက်အခဲရှိ

  • 9 ဩဂုတ် 2015
_rakhine_myauk ဓာတ်ပုံ မူပိုင် AP
Image caption မြောက်ဦးမှာ သောက်သုံးရေ အတွက် အခက်ကြုံ

ပြီးခဲ့တဲ့ သတင်းပတ်တွေ အတွင်း မြန်မာနိုင်ငံ အနှံ့အပြားမှာ ရေလွှမ်းမိုးမှု တွေနဲ့ ကြုံတွေ့ ခဲ့ရတာမှာ ရခိုင်ပြည်နယ် ဘက်မှာ တော်တော်ကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်ခဲ့ရပါတယ်။

လယ်ကွင်းတွေ ရေဖုံးလွမ်းလို့ ပျက်စီး ခဲ့ရသလို ရေတွင်းရေကန် တော်တော်များများ ရေမြုပ်ခဲ့ရပါတယ်။

ရေဘေးဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် က မြောက်ဦးမှာ ရေပြန်ကျနေပေမယ့် သောက်သုံးရေကန်ရေတွင်းတွေ သုံးလို့မရတော့လို့ သောက်သုံးရေ ရှားပါးနေတယ်။ စားရေရိက္ခာ အကူအညီ တွေ မလုံမလောက်ဖြစ်နေတယ် လို့ ပြောပါတယ်။

တခါ မြန်မာပြည်ရဲ့ ဆန်အိုးကြီးလို့ ခေါ်ကြတဲ့ ဧရာဝတီတိုင်း အတွင်းမှာလည်း ရေဘေး အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

အဲ့ဒီက အခြေအနေတွေနဲ့ ပတ်သက်လို့ ဒေသခံတွေကို ဘီဘီစီက ဆက်သွယ် မေးကြည့်ရာမှာ ဟင်္သာတ ဘက်က ကိုနေမျိုးက တချို့ရွာတွေမှာ ရေမြုပ်နေတာ ၈ ရက် ကျော်လာပြီဖြစ်လို့ စားရေးသောက်ရေး အခက်အခဲရှိတယ်။ တချို့ကိုတော့ ဒုက္ခသည် စခန်းတွေကို ပို့ထားပြီး တချို့ ရွာတွေကိုတော့ သွားရောက် ကူညီနေကြတယ်လို့ ဆိုပါတယ်။

တခါ ညောင်တုန်းဘက်က ဒေသခံ ဦးဝင်းကြည်ကတော့ ရေက ၃ လက်မလောက် ကျသွားပြီ ဖြစ်ပေမယ့် စိုးရိမ်ရေမှတ် အထက်မှာပဲ ရှိနေသေးတာကြောင့် စိုးရိမ်စရာ မရှိဘူးလို့တော့ ပြောလို့ မရတဲ့အကြောင်း ပြောပါတယ်။

အခုရေဘေးမှာ လူမှုရေး အသင်းအဖွဲ့တွေက တက်တက်ကြွကြွ လှုပ်ရှားကြတဲ့ အကြောင်းနဲ့ အရောက်အပေါက် ခက်ခဲတဲ့ နေရာတွေကို ကူညီ ကယ်ဆယ်ရေးတွေ ရောက်ဖို့ အတွက် မြို့နယ်က အစီအစဉ်နဲ့ ပို့ပေးနေတယ်လို့ ဆိုပါတယ်။

အင်္ဂပူ မြို့နယ်ဘက်မှာတော့ ဒီနေ့ ရေကျစပြုပြီ ဖြစ်ပေမယ့် အိမ်အများစုကတော့ ရေထဲမှာပဲ ကျန်နေသေးပြီး ရန်ကုန် နဲ့ ဟင်္သာတ ဘက်က အကူအညီတွေ ရောက်လာနေတယ်လို့ အဲဒီက ဒေသခံ ကိုအောင်ကိုဝင်းက ပြောပြခဲ့ပါတယ်။

အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ ရခိုင်ပြည်နယ် အတွင်းမှာ ရေဘေးကြောင့် သေဆုံးသူ ၅၆ ယောက်ရှိခဲ့ပြီး တနိုင်ငံလုံးမှာတော့ စုစုပေါင်း ၉၆ ယောက် သေဆုံးခဲ့ရပါတယ်။

ရေဘေးကြောင့် လူပေါင်း ၆ သိန်း ကျော်လည်း အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။