မိုးကျရွှေကိုယ်တွေရောက်လာမယ့်အပေါ် ဆရာဝန်တွေဝေဖန်နေ

  • 9 ဩဂုတ် 2015
မိုးကျရွှေကိုယ် တွေ ပေါ်လာပြီး ထိပ်ပိုင်း ရာထူး တွေ ရယူ ခြင်းမျိုး ဟာ ကျန်းမာရေး ဝန်ကြီး ဌာန ရဲ့ ဝန်ထမ်း ဆရာဝန် တွေ အတွက် အခွင့်အရေး ဆုံးရှုံးစေတယ်။ ဓာတ်ပုံ မူပိုင် Reuters
Image caption မိုးကျရွှေကိုယ် တွေ ပေါ်လာပြီး ထိပ်ပိုင်း ရာထူး တွေ ရယူ ခြင်းမျိုး ဟာ ကျန်းမာရေး ဝန်ကြီး ဌာန ရဲ့ ဝန်ထမ်း ဆရာဝန် တွေ အတွက် အခွင့်အရေး ဆုံးရှုံးစေတယ်။

ကျန်းမာရေး ဝန်ကြီး ဌာနက ထိပ်ပိုင်း ရာထူးကြီး နေရာ တွေ မှာ စစ်ဆရာဝန် တွေသာ မက ဒီအက်စ်အေ ဗိုလ် သင်တန်း ဆင်း တွေ ကို ခန့်အပ် လိုက်တဲ့ အစိုးရ ပြန်တမ်း ထွက် လာတဲ့ အတွက် ဆရာဝန် တွေ ကြားထဲ မှာ အပြင်း အထန် ဝေဖန် ပြောဆို မှု တွေ ပေါ် ထွက် လာပါတယ်။

အင်တာနက် လူမှုကွန်ယက် စာမျက်နှာ တွေ ပေါ် မှာ ပွင့်ပွင့်လင်းလင်း ကန့်ကွက် ပြောဆို နေကြသလို၊ လက်မှတ် တွေ စုဆောင်း ပြီး သမ္မတ ထံ တင်သွင်း မှာ မျိုး နဲ့ အားကိုးရ တဲ့ လွှတ်တော် အမတ်တွေ ကို ရှာပြီး လွှတ်တော် ထဲ မှာပါ မေးခွန်း ထုတ် နိုင် ဖို့ ပြုလုပ် သွားမယ် ဆိုပြီး လက်ရှိ အစိုးရ ဝန်ထမ်း အထူးကု ဆရာဝန်ကြီး တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

မိုးကျရွှေကိုယ် ဆိုပြီး ရည်ညွှန်း ခေါ်ဝေါ် လေ့ ရှိတဲ့ အခုလို မျိုး စစ်တပ် က လာတဲ့ သူတွေ ကို အရပ်ဘက် ဌာနတွေ မှာ အခန့်သင့် ရာထူးကြီး ပေးတဲ့ အလေ့အထ မျိုး မဖြစ်သင့်တော့ ဘူး ဆိုပြီး ဒုတိယသမ္မတ တစ်ဦး ဖြစ်တဲ့ ဒေါက်တာ စိုင်းမောက်ခမ်း ကိုယ်တိုင် ကလည်း လက်ရှိ အစိုးရ တက်ကာစ မှာ ပြောကြား ခဲ့ဖူးတယ် လို့လည်း အဲ့ဒီ့ ဆရာဝန်ကြီး က ဆိုပါတယ်။

လက်ရှိစံနစ် အရ မြန်မာ နိုင်ငံမှာ ဆေးပညာ ဘာသာရပ် တွေကို ဘွဲ့လွန် ယူ နိုင်ဖို့ အတွက် အစိုးရ အလုပ် ဝင်ရောက် လုပ်ကိုင် ကြတဲ့ ဆရာဝန် တွေ ကို အခွင့် အရေး ပေးထား တာ ဖြစ်လို့ ဆေးကျောင်းသား တွေ ၊ ဆရာဝန် ငယ် တွေ အတွက် အစိုးရ အလုပ် အပေါ် မှာ သာ မျှော်လင့်ချက် ကြီးကြီး ထားရှိ နေရတာ ဖြစ်ပါတယ်။

ဒီလို အခြေအနေ မှာ မိုးကျရွှေကိုယ် တွေ ပေါ်လာပြီး ထိပ်ပိုင်း ရာထူး တွေ ရယူ ခြင်းမျိုး ဟာ ကျန်းမာရေး ဝန်ကြီး ဌာန ရဲ့ ဝန်ထမ်း ဆရာဝန် တွေ အတွက် အခွင့်အရေး ဆုံးရှုံးစေတယ် လို့ ဆရာဝန်ကြီး က ရှင်းပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ