သဘာဝဘေးကြောင့် ဟားခါးမြို့ရွှေ့ဖို့ စီစဉ်

  • 10 ဩဂုတ် 2015
Haka Floods ဓာတ်ပုံ မူပိုင် AFP
Image caption ဟားခါးမှာ အိမ်အလုံးလိုက် ရေထဲ မျောပါခဲ့

မိုးတွေ ဆက်တိုက်ရွာခဲ့ပြီး မြေပြိုမှုတွေ ဖြစ်ခဲ့တဲ့ ချင်းပြည်နယ် ဟားခါးမြို့တော်ကို သဘာဝ ဘေးအန္တရာယ်က ကာကွယ်ဖို့ မဖြစ်မနေ နေရာ ရွှေ့ရတော့ မယ်လို့ ပြည်နယ် ဝန်ကြီးချုပ်ကပြောပါတယ်

ပြည်တွင်း ပြည်က ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ခိုင်မာတဲ့ မြေနေရာကို ရှာဖွေပြီး ပြောင်းရွှေ့ ရမယ့်နေရာကို သတ်မှတ် ပြီးတဲ့နောက် မြို့ပြ စီမံကိန်း ရေးဆွဲမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဝန်ကြီးချုပ်ပြောတဲ့ ဟားခါးမြို့ ပြောင်းရွေ့မယ့် အစီအစဉ်ကို ဒေသခံတွေ ကတော့ လက်မခံပါဘူး။

ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီက အထွေထွေ အတွင်းရေးမှူး ဆလိုင်း ကျဲအို ဘစ်ထောင်းက အခု အချိန်မှာ အရေးကြီးတဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည် တည်ဆောက်ရေး တွေကို ဦးစားပေး လုပ်ဆောင်ရမယ့် အချိန်မှာ မလိုအပ်တဲ့ ပြဿနာတွေကို ဆွဲခေါ်သလို မဖြစ်စေချင်ဘူးလို့ ပြောပါတယ်။

လောလောဆယ်မှာ ရေကြီးမှု ဒဏ်ကြောင့် နေအိမ်တွေ စိုက်ခင်းတွေ ရေမြုပ်နေပြီး လူတွေ နေရာပြောင်းရမယ် ဆိုတာ သိပေမဲ့ တစ်မြို့လုံး ပြောင်းရမယ်လို့တော့ မယူဆကြောင်း ဆလိုင်း ကျဲအို ဘစ်ထောင်းက ပြောပါတယ်။

အခု မြေပြို ခဲ့တဲ့ ဒေသက လူတွေကို ဟားခါးမြို့ အနောက်ဖက်ခြမ်းနဲ့ မြောက်ဖက်ခြမ်းမှာ ရှိတဲ့ စည်ပင်ပိုင် မြေလွတ်တွေကို ရွှေ့ပြောင်း သင့်တယ်လို့ သူက ပြောပါတယ်။

ဘူမိဗေဒ ပညာရှင် ဦးစိုးသူရထွန်း ကတော့ ချင်းတောင်းတန်းရဲ့ အနေအထား အရ အချိန်မရွေး သဘာဝဘေး အန္တရာယ် ကျရောက် နိုင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးများခဲ့တဲ့ အတွက် ဟားခါးမြို့ အရှေ့ဖက်ခြမ်းက ရပ်ကွက် တချို့မှာ မြေပြိုမှုတွေ ဖြစ်ခဲ့ပြီး ဟားခါးမြို့ပေါ်က အိမ်ထောင်စု တစ်ထောင် ကျော်ဟာ ဒုက္ခသည် စခန်း ၇ ခုမှာ ခိုလှုံ နေကြရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ