တပ်ကလူတွေကို ကျန်းမာရေးမှာ နောက်ထပ် မခန့်တော့

  • 11 ဩဂုတ် 2015
doctors_campaign_pathein
Image caption ပုသိမ်ဆေးရုံက ဆရာဝန်တွေလည်း ကန့်ကွက် ခဲ့ကြ

မြန်မာ နိုင်ငံက ဆရာဝန်အသိုင်း အဝိုင်းကြားမှာ ကျယ်ကျယ် ပြန့်ပြန့် ပြောဆိုဆန့်ကျင်နေကြတဲ့ ကျန်းမာရေး ဝန်ကြီးဌာန ရာထူး နေရာတွေမှာ ကာကွယ်ရေး ဝန်ကြီးဌာနက အရာရှိတွေကို တိုက်ရိုက် ခန့်ထားမှု ဆက်လုပ်တော့မှာ မဟုတ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း MMA က ပြောပါတယ်။

ဆရာဝန်အများစုရဲ့ ဆန္ဒအရ မြန်မာနိုင်ငံ ဆရာဝန်အသင်းက ကျန်းမာရေး ဝန်ကြီးဌာနကို အကြံပြုခဲ့ပြီးနောက် အခုလို ရပ်တန့်လိုက်တဲ့ အကြောင်း ကျန်းမာရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်းက MMA ကို ဆက်သွယ် ပြောလာတာလို့ မြန်မာ နိုင်ငံ ဆရာဝန် အသင်း ဒုတိယ ဥက္ကဌ ဒေါက်တာ ဦးအေးအောင်က ဘီဘီစီကို ပြောပါတယ်။

ဒီလို ရပ်တန့်တဲ့ နေရာမှာ ခန့်ထားပြီးသူတွေကို မူလဌာနတွေဆီ ပြန်ခေါ် မခေါ် ဆိုတာကိုတော့ ရှင်းရှင်း လင်းလင်း မသိရပါဘူး။

စစ်တပ်က အရာရှိတွေကို ရာထူးကြီး နေရာတွေမှာ ခန့်အပ်တာနဲ့ ပတ်သက်လို့ အရပ်ဖက် ဆရာဝန်တွေက မိုးကျရွှေကိုယ် အလိုမရှိ ဆိုတဲ့ Black Ribbon Campaign ဖဲကြိုးအနက်ရောင် ဝတ်ဆင်တဲ့ လှုပ်ရှားမှုကို မကြာသေးခင်က စတင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလှုပ်ရှားမှုကို ထောက်ခံတဲ့ ဧရာဝတီတိုင်း ပုသိမ် ဆေးရုံက လက်ထောက်ဆရာဝန် ဒေါက်တာ အောင်ချိုချိုဝင်း ကတော့ သူတို့ ကန့်ကွက်ရတဲ့ အကြောင်းက တပ်က လူတွေ ပြောင်းလာတဲ့ ကိစ္စက အဓိက မဟုတ်ဘဲ ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်ကို မကျွမ်းကျင်သူတွေ ရောက်လာမယ်ဆိုရင် ပြောင်းလာတဲ့သူရော မူလ ဌာန အတွက်ပါ အခက်အခဲ ဖြစ်စေနိုင်တာကြောင့် အဲဒီ စနစ်ကို သဘော မကျတာလို့ သူက ပြောပါတယ်။

အခု လောလောဆယ်တော့ သူတို့ အနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က တရားဝင် ထုတ်ပြန်ချက်ကို စောင့်နေတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ