မြန်မာ​ရေ​ဘေး​ကို​ကူ​ဖို့ ICRC အရေးပေါ် ရံ​ပုံငွေရှာ

  • 11 ဩဂုတ် 2015
_kalay_flood_
Image caption ကယ်ဆယ်ရေး စခန်း တွေ က သူတွေ အတွက် ထောက်ပံ့ရေး ပစ္စည်းတွေ လိုအပ် နေ။

မြန်မာနိုင်ငံ တဝှမ်း ရေဘေးဒဏ် အဆိုးရွားဆုံး သင့်ခဲ့တဲ့ မြို့နယ် တွေထဲက လူတွေ ကို ကူညီနိုင်ဖို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီ အသင်း ICRC က အရေးပေါ် နှိုးဆော်ချက် တွေ ဩဂုတ်လ ၁၁ ရက် နေ့က စတင် ပြုလုပ် လာပါတယ်။

အရေးပေါ် ရံပုံငွေ အဖြစ် အမေရိကန် ဒေါ်လာ ၄.၁ သန်း ရရှိ အောင် မတည် သွားမှာ ဖြစ်ပြီး အဲဒီ့ ငွေ တွေ ကို လာမယ့် ၁၂ လတာ ကာလ အတောအတွင်း မကွေး၊ စစ်ကိုင်း နဲ့ ချင်း ပြည်နယ် ထဲ က လူပေါင်း ၅ သောင်း ၈ ထောင် အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ မှာ အသုံးပြု မယ် လို့ ဆိုပါတယ်။

ရေလွှမ်းမိုး မှု ကြောင့် လိုအပ်လာတဲ့ လူသာချင်း စာနာ နားလည်မှု ဆိုင်ရာ အကူအညီ တွေ ဟာ ဆက်လက် တိုးတက် ဖြစ်ပေါ် နေတယ် လို့ မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ သာလှရွှေက ပြောပါတယ်။

ရေဘေးသင့် ဒေသ တော်တော်များများ မှာ လုပ်ဆောင် စရာ တွေ တပုံတပင် ရှိနေပြီး ကယ်ဆယ်ရေး စခန်း တွေ က သူတွေ အတွက် လည်း ထောက်ပံ့ရေး ပစ္စည်းတွေ လိုအပ် နေတယ် လို့ ဒေါက်တာ သာလှရွှေ ရဲ့ ပြောကြားချက် ကို ကိုးကားကာ ICRC ရဲ့ ထုတ်ပြန်ချက် ထဲ မှာ ဖော်ပြ ထားပါတယ်။

အိမ်ပြန် သွားကြသူ တွေ အနေနဲ့ လည်း နေအိမ်တွေ အပါအဝင် လူ့ဘဝ တည်ဆောက်ရေး အတွက် လိုအပ်တဲ့ အရာတွေ အားလုံး ဆုံးရှုံးနေတာ တွေ့ကြုံ နေရပြီး သောက်ရေ က အစ ညစ်ညမ်း ပျက်စီး နေကြတယ် လို့လည်း ဒေါက်တာ သာလှရွှေ က ပြော ထား ပါတယ်။

ဒါ့ကြောင့် ဘဝတွေ ပြန်လည် ထူထောင်နိုင် ဖို့ ရေရှည် အထောက်အပံ့ တွေ လိုတယ် ဆိုပြီး ဒေါက်တာ သာလှရွှေ က ဆိုပါတယ်။

ဇူလိုင် လယ် ကတည်း က စတင် လာခဲ့တဲ့ ရေကြီး ရေလျှံ မှုတွေ ဟာ မြန်မာ နိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲ က ၁၂ ခု မှာ ဖြစ်ပေါ် ခဲ့ ပြီး လူဦးရေ ၁ သန်း အပေါ် သက်ရောက် ခဲ့တယ် လို့ မြန်မာ အစိုးရ က ခန့်မှန်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ