ပါတီကိုယ်စားလှယ်လောင်း အသစ်တွေကို ဦးရွှေမန်းတွေ့ဆုံ

  • 12 ဩဂုတ် 2015
Thura U Shwe Mann ဓာတ်ပုံ မူပိုင် AFP
Image caption ကြံ့ခိုင်ရေး ပါတီ ဥက္ကဌ သူရ ဦးရွှေမန်း

တပ်မတော်ကနေ ထွက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဘက်မှာ ဝင်ရောက် အရွေးခံမယ့် တပ်ဘက်က အရာရှိကြီးတွေ၊ လက်ရှိ အစိုးရ ဝန်ကြီး၊ ဒုတိယ ဝန်ကြီးတွေနဲ့ ရွေးကောက်ပွဲ ဝင်ကြမယ့် ပါတီဝင်တွေကို ပါတီ ဥက္ကဌ သူရ ဦးရွှေမန်းက သြဂုတ်လ ၁၂ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

တပ်မတော်ဘက်က ကိုယ်စားလှယ်လောင်း ၂၇ ယောက်၊ အစိုးရဘက်က ကိုယ်စားလှယ် ၄၆ ယောက်နဲ့ မူလ ပါတီဝင် တွေအပြင် အခုမှဝင်လာတဲ့ ပါတီဝင်သစ်တွေ ပါတဲ့ ကိုယ်စားလှယ်လောင်း တွေကို ပါတီ ဌာနချုပ်မှာ တွေ့ဆုံ ကြိုဆို ခဲ့တာဖြစ်ပါတယ်။

တပ်ဘက် ကိုယ်စားလှယ်တွေထဲမှာ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ စတဲ့ အရာရှိကြီးတွေ နဲ့ သမ္မတရုံးက ဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးလှထွန်း၊ ဦးတင်နိုင်သိန်း စတဲ့ သူတွေ အပါအဝင် လက်ရှိ တာဝန်ယူထားတဲ့ ဝန်ကြီး အတော်များများ ပါဝင်တယ်လို့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဗဟို ကော်မီတီဝင် ဦးတင့်ဇော်က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံမှာ တပ်မတော်နဲ့ အထိစပ်ဆုံးပါတီက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဖြစ်တဲ့ အတွက် ဒီပါတီကို ကိုယ်စားပြုပြီး လာရောက်ယှဉ်ပြိုင်ကြမယ့် တပ်မတော် အရာရှိတွေကို လက်ရှိ ပါတီဝင်တွေက ရာနှုန်းပြည့် လက်ခံ ကြိုဆို ကြတယ်လို့ သူက ပြောပါတယ်။

၁၉၉၃ ခုနှစ် ပါတီ တည်ထောင်ခဲ့ချိန်က တပ်မတော်ကပဲ ဦးစီးဦးဆောင်ပြု ဖွဲ့ပေးခဲ့တာ ဖြစ်ပြီး ပါတီမှာ ဦးစီး ဦးဆောင်ပြုနေသူတွေ ကလည်း တပ်မတော်ကနေ အရပ်ဖက်ကို ရောက်နေကြသူတွေ ဖြစ်တယ်လို့ ဦးတင့်ဇော်က ပြောပါတယ်။

တပ်ဘက်က အရာရှိကြီးတွေ လွှတ်တော်ထဲ ကို အမြောက်အမြား ဝင်လာဖို့ အခုလို ပြင်ဆင်မှုတွေဟာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကို တပ်မတော်ရဲ့ သြဇာခံ ဖြစ်စေဖို့နဲ့ ထိန်းချုပ်လိုတဲ့ အတွက် ပြင်ဆင်မှု ဖြစ်တယ်လို့ သတင်းစာဆရာ ဦးစည်သူ အောင်မြင့်က သုံးသပ်ပါတယ်။

အကြောင်းကတော့ သူရ ဦးရွှေမန်း ခေါင်းဆောင်တဲ့ ပါတီနဲ့ တပ်မတော် ခေါင်းဆောင်တွေ ကြားမှာ အဆင် မပြေတာတွေ အများကြီး ရှိနေတယ်လို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။

နောက်တစ်ချက်က ရွေးကောက်ပွဲ အပြီးမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက တင်သွင်းလာမယ့် သမ္မတလောင်းကို ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တို့မှာ ထောက်ခံမှု ရနိုင်ခြေ မရှိတဲ့ အတွက် တပ်မတော်က ရွေးလိုက်တဲ့ အုပ်စုက တက်လာတဲ့ သမ္မတလောင်းကို ပါတီဘက်က ဝိုင်းဝန်း ထောက်ခံပေးဖို့ ဖြစ်တယ်လို့ ဦးစည်သူ အောင်မြင့်က သုံးသပ် ပါတယ်။