ဦးရွှေမန်း အဖယ်ရှားခံရတဲ့ အကြောင်းရင်းကို ပါတီတွင်း ရှင်းပြဖို့လို

  • 13 ဩဂုတ် 2015
shwe_man
Image caption ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အရ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက် လိုတဲ့ သူရဦးရွှေမန်း ရဲ့ ဆန္ဒ သဘောထား မျိုး ဟာ အခု အစားထိုး လိုက်တဲ့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်သစ် တွေ မှာ ရော ရှိသလား ဆိုတာ ကို စောင့်ကြည့် ရဦးမှာ ဖြစ်တယ်။

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ရဲ့ ခေါင်းဆောင် နေရာ ကနေ သူရ ဦးရွှေမန်း အဖယ်ရှား ခံလိုက် ရတာ ကြောင့် ပါတီ တွင်း စိတ်ဝမ်းကွဲ မှု အထိုက်အလျောက် ရှိ လာနိုင် တယ် ဆိုပြီး ကြံ့ခိုင်ရေးပါတီ ရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး က ပြောလိုက် ပါတယ်။

ဘာ့ကြောင့် အခုလို ပါတီ ခေါင်းဆောင် အပြောင်း အလဲ လုပ်ရသလဲ ဆိုတဲ့ လက်ရှိ ဖြစ်ပေါ် နေတဲ့ အခြေ အနေ ကို ပါတီတွင်း အကျိုးအကြောင်း ခိုင်ခိုင်လုံလုံ နဲ့ အသေအချာ ရှင်းလင်း ပြဖို့ လိုအပ်တယ် ဆိုပြီး ကြံ့ခိုင်ရေးပါတီ က မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက် က ဘီဘီစီ ကို ပြောပါတယ်။

တခါ၊ အတိုက်အခံ နိုင်ငံရေး ပါတီ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ဖြစ်တဲ့ ဦးဝင်းထိန် ကလည်း သူရ ဦးရွှေမန်း အဖယ်ရှား ခံလိုက် ရတာ ဟာ အင်မတန် ကြီးမား တဲ့ အပြောင်းအလဲ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အရ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက် လိုတဲ့ သူရဦးရွှေမန်း ရဲ့ ဆန္ဒ သဘောထား မျိုး ဟာ အခု အစားထိုး လိုက်တဲ့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်သစ် တွေ မှာ ရော ရှိသလား ဆိုတာ ကို စောင့်ကြည့် ရဦးမှာ ဖြစ်တယ်လို့ လည်း ဦးဝင်းထိန် က ပြောပါတယ်။

ဒါပေမယ့် ဒီ အပြောင်းအလဲ ဟာ NLD ရဲ့ ပြဿနာ မဟုတ်၊ ကြံ့ခိုင်ရေး ပါတီ ရဲ့ ပြဿနာ သာ ဖြစ်ပြီး NLD အနေနဲ့ ကတော့ သတိ ကြီးကြီး နဲ့ စောင့်ကြည့်ရုံ ပဲ ဖြစ်တယ် လို့ ဦးဝင်းထိန် က ဘီဘီစီ ကို ပြောပါတယ်။

ကြံ့ခိုင်ရေး ပါတီ မှာ အစားထိုး ပြောင်းလဲ လိုက်တဲ့ ခေါင်းဆောင်သစ် တွေကို ကြည့်ရင် ပိုမို သဘောထား တင်းမာသူ တွေ ဖြစ်ဖို့ များတယ် လို့ ဦးဝင်းထိန် က ဆိုပါတယ်။

ပြိုင်ဘက် ကြံ့ခိုင်ရေး ပါတီ တွင်း မှာ ပြဿနာတွေ များနေရင် ရွေးကောက်ပွဲ မှာ NLD အတွက် အလားအလာ ပိုကောင်း လာမယ်လို့ ထင်မြင်စရာ ရှိပေမယ့် အတင်းအကြပ် မဖွယ်မရာ အပြောင်းအလဲ ဖြစ်တာ မျိုးဟာ တိုင်းပြည်ရဲ့ ဒီမို ကရေစီ ရေး အတွက် မကောင်း ဘူး ဆိုပြီး ဦးဝင်းထိန် က သုံးသပ် ပါတယ်။

ပြည်ခိုင်ဖြိုး ပါတီ ရဲ့ ခေါင်းဆောင် နေရာ ကနေ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ဖယ်ရှား ခံရတဲ့ အတွက် လွှတ်တော် တစ်ရပ်လုံးရဲ့ လှုပ်ရှား လည်ပတ် နေမှု အပေါ် မှာရော ထိခိုက် လေမလား ဆိုပြီး စိုးရိမ်မှု တွေ လည်း ထွက်ပေါ် နေကြောင်း ဦးဝင်းထိန် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ