ခေါင်းဆောင်ပိုင်း ပြဿနာ ပါတီနဲ့ နိုင်ငံကိုထိခိုက်နိုင်

  • 13 ဩဂုတ် 2015
Thura Shwe Mann ဓာတ်ပုံ မူပိုင် Reuters
Image caption ကြံ့ခိုင်ရေး ပါတီ ဥက္ကဌ ဦးရွှေမန်း နေရာမှာ ဦးဌေးဦးနဲ့ အစားထိုး

မြန်မာ နိုင်ငံက အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီမှာ ဥက္ကဌ တာဝန်ယူ နေတဲ့ သူရ ဦးရွှေမန်းကို ဖယ်ရှားလိုက်ပြီး ဦးဌေးဦးနဲ့ အစားထိုးလိုက် ပါတယ်။

ဒါ့အပြင် ပါတီ အထွေထွေ အတွင်း ရေးမှူး ဦးမောင်မောင်သိမ်းကိုလည်း ရာထူးက ဖယ်ရှားပြီး သြဂုတ်လ ၁၁ ရက် ဗုဒ္ဓဟူးနေ့ ကမှ ရာထူးက နှုတ်ထွက်ခွင့် ပြုလိုက်တဲ့ သမ္မတရုံး ဝန်ကြီး ဦးတင်နိုင်သိန်းနဲ့ အစားထိုး လိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့ ညပိုင်းက အာဏာရ အစိုးရက သူ့ပါတီ ဌာနချုပ်ကို ရဲ အင်အား အမြောက်အမြား သုံးပြီး စီးနင်း ရှာဖွေ တာဟာ ထိတ်လန့် စရာ ဖြစ်ကြောင်း လွှတ်တော် ပြင်ပ လှုပ်ရှားမှု အဖွဲ့ ဖြစ်တဲ့ ညီညွတ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ ရဲ့ နာယက ဦးနိုင်းနိုင်းက ပြောပါတယ်။

အာဏာ လက်ဝယ်ရှိပြီး လက်နက်ကိုင်တွေပါ ပတ်သက်နေတဲ့ ပါတီကြီးက ခေါင်းဆောင်ပိုင်း အဆင့် ပြဿနာ ဖြစ်တယ် ဆိုတာဟာ ပါတီ အတွက်လည်း မကောင်းသလို တိုင်းပြည် အတွက်လည်း မကောင်းဘူးလို့ သူက ပြောပါတယ်။

အခုလို ရွေးကောက်ပွဲ နီးလာချိန်မှာ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး ပိုင်းမှာ တည်ငြိမ်မှု ကင်းမဲ့သွားရင် စိုးရိမ်စရာ ကောင်းတယ်လို့လည်း ဦးနိုင်းနိုင်းက ပြောပါတယ်။

ဒါ့အပြင် အခု ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေကြောင့် သူရ ဦးရွှေမန်းနဲ့ မဟာမိတ်ပြုပြီး မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ ရည်မှန်းထားတဲ့ ဒေါ်အောင်ဆန်း စုကြည် အတွက်လည်း မျှော်လင့်ချက်တွေ ဆုံးရှုံးသွားပြီလို့ မြင်ကြောင်း ဦးနိုင်းနိုင်းက ပြောပါတယ်။

၈ လေးလုံး အရေးတော်ပုံကြီးကနေ ပေါက်ဖွားလာတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြည်သူကို အခြေပြုပြီး တာဝန်တွေကို ဆက်လက် ထမ်းဆောင်ဖို့ လိုအပ်တယ်၊ စစ်မှန်တဲ့ ဒီမိုကရေစီကို ရရှိဖို့ ကိုယ့် ပါတီ၊ ကိုယ့် အဆင့် အတန်းနဲ့ အတိုက်အခံ ဆိုတဲ့ နိုင်ငံရေး ဝါဟာရ အတိုင်း ရပ်တည် လုပ်ဆောင်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

ဒီမိုကရေစီ စနစ်ကို မလေးစားတဲ့ မျှော်မှန်းချက် မထားတဲ့ လူ ပုဂ္ဂိုလ် အဖွဲ့ အစည်းတွေ နဲ့ ပူးပေါင်း လုပ်စရာ မလိုကြောင်းနဲ့ အဲဒီလို ပူးပေါင်းပြီး လုပ်ဖို့ ရည်ရွယ် တာဟာ စိတ်ကူးယဉ်တဲ့ မှားယွင်းမှုလို့ ဦးနိုင်းနိုင်းက ပြောပါတယ်။