တောင်​ကို​ရီး​ယား​သွား​မယ့် လုပ်သား​တွေ လုပ်​ငန်း​ကျွမ်းကျင် စာ​မေး​ပွဲ​ဖြေ​ရ​တော့မယ်

south_korea_workers
Image caption လုပ်ငန်း ကျွမ်းကျင် မှု ကို စိစစ် ခေါ်ယူ မယ် ဆိုရင် တောင်ကိုရီးယား ရောက် မြန်မာ လုပ်သားတွေ အတွက် လည်း အလုပ်အကိုင် ပိုမို အာမခံချက် ရှိနိုင်။

တောင်ကိုရီးယား နိုင်ငံကို မြန်မာ အလုပ်သမား တွေ တရားဝင် သွားရောက် အလုပ်လုပ်ကိုင် နိုင်ဖို့ ဆိုရင် ကိုရီးယား ဘာသာစကား အပြင် သက်ဆိုင်ရာ လုပ်ငန်း တစ်ခုခု မှာ ဘယ်လောက် ကျွမ်းကျင် မှု ရှိသလဲ ဆိုတဲ့ အရည်ချင်း စစ်တဲ့ စာမေးပွဲ ကိုပါ ဖြေဆို ရတော့မှာ ဖြစ်ပါတယ်။

၂ နိုင်ငံ အစိုးရ အကြား နှစ်နှစ် တစ်ကြိမ် သက်တမ်း တိုးနေ တဲ့ အလုပ်သမား ခေါ်ယူရေး နားလည်မှု စာချွန် လွှာ ကို အခု နောက်ဆုံး ချုပ်ဆိုခဲ့ စဉ် တုန်း မှာ တောင်ကိုရီးယား နိုင်ငံ ဘက် က အခုလို စနစ် အသစ် ပြောင်းလဲ လာတာ ဖြစ်တယ် ဆိုပြီး အလုပ်သမား၊ အလုပ်အကိုင် နဲ့ လူမှု ဖူလုံရေး ဝန်ကြီးဌာန က အမြဲတန်း အတွင်းဝန် ဦးမျိုးအောင် က ဘီဘီစီ ကို ပြောပါတယ်။

အရင် စံနစ်တုန်းက ဘာသာစကား တစ်ခု တည်းကိုသာ စာမေးပွဲ ဖြေ စေပြီး ခေါ်ယူ ခဲ့တဲ့ အတွက် တောင်ကိုရီးယား ကို ရောက်ရှိကာ မှ လုပ်ငန်းခွင် ကျွမ်းကျင် မှု မရှိလို့ ပြန်လာ ရတဲ့ သူတွေ ရှိတယ် လို့ ဦးမျိုးအောင် က ဆိုပါတယ်။

အခုလို လုပ်ငန်း ကျွမ်းကျင် မှု ကို စိစစ် ခေါ်ယူ မယ် ဆိုရင် တောင်ကိုရီးယား ရောက် မြန်မာ လုပ်သားတွေ အတွက် လည်း အလုပ်အကိုင် ပိုမို အာမခံချက် ရှိနိုင် တဲ့ အတွက် မြန်မာ အာဏာပိုင် တွေ ဘက် ကလည်း သဘောတူ ခဲ့တာ ဖြစ်တယ် ဆိုပြီး ဦးမျိုးအောင် က ပြောပါတယ်။

တောင်ကိုရီးယား နိုင်ငံထဲ မှာ လုပ်သား လိုအပ်ချက် များနေတဲ့ စိုက်ပျိုးရေး နဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် တွေ အတွက် ကျွမ်းကျင်မှု စာမေးပွဲ မှာ အောင်မှတ် ၃၆ မှတ် သတ်မှတ် ထားပြီး၊ ထုတ်လုပ်ရေး လုပ်ငန်း မှာ အောင်မှတ် ၄၀ သတ်မှတ် ထားပါတယ်။

တောင်ကိုရီးယား ဟာ မြန်မာ နိုင်ငံ အပါအဝင် နိုင်ငံ ပေါင်း ၁၅ နိုင်ငံ လောက် ကနေ ပြည်ပ အလုပ်သမား တွေ နှစ်စဉ် ခေါ်ယူ နေပြီး၊ ဒီ တစ်ခေါက် မြန်မာ နိုင်ငံ ဆီက လုပ်သား ၁၅၀၀ ဝန်းကျင် ခေါ်ယူ မယ် လို့ ဦးမျိုးအောင် က ဆိုပါ တယ်။

တောင်ကိုရီးယား နိုင်ငံမှာ လုပ်ငန်း အမျိုးအစား နဲ့ ဘယ်မြို့ မှာ အလုပ်လုပ် ကိုင် ရလဲ ဆိုတဲ့ အပေါ် မူတည်ပြီး ရရှိတဲ့ လုပ်ခ လစာ ကွာခြားမှု ရှိပေမယ့်၊ အနည်းဆုံးတော့ ဘယ်လောက် ပေးရမယ် ဆိုတဲ့ အနိမ့် ဆုံး လုပ်ခ သတ်မှတ်ချက် ရှိတဲ့ အတွက် မြန်မာငွေနဲ့ ဆိုရင် တစ်လ ကို ၁၄-၅ သိန်း ရကြ တယ် လို့ ဦးမျိုးအောင် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ