ချယ်ရီ FM ၃လ ယာယီရပ်ထားဖို့ ပြန်ကြားရေး ဝန်ကြီးပြော

  • 15 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် cherry fm
Image caption ချယ်ရီ FM ရေဒီယို တည်ထောင်တာ သြဂုတ်လ ၁၅ရက်နေ့မှာ ၆နှစ်ပြည့်

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ဆက်စပ်ပြီး ချယ်ရီ FM ရေဒီယိုရဲ့ ထုတ်လွှင့်မှုတွေနဲ့ ပတ်သက်လို့ ချယ်ရီ FM ရေဒီယို တာဝန်ရှိပုဂ္ဂိုလ်နဲ့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်တို့ ဒီကနေ့ တွေ့ဆုံ ပြောဆိုခဲ့ရာမှာ ထုတ်လွှင့်မှု ၃လကြာ ယာယီ ရပ်နားထားဖို့ နှစ်ဘက် သဘောတူခဲ့တယ်လို့ ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

MRTV နဲ့ ဖက်စပ် လုပ်နေတဲ့ FM ရေဒီယို ဌာနတွေအနေနဲ့ ရွေးကောက်ပွဲ အကြိုကာလမှာ နိုင်ငံရေးအရ ပုဂ္ဂိုလ်တဦး၊ အဖွဲ့အစည်းတခုကို ဘက်လိုက်ရာ ရောက်တဲ့ ထုတ်လွှင့်မှုမျိုးတွေ မလုပ်ဖို့ ညွှန်ကြားထားခဲ့ကြောင်း၊ ဒါပေမယ့် ချယ်ရီ FM ဘက်က လုံလောက်တဲ့ အာမခံချက် မပေးနိုင်ခဲ့တဲ့အတွက် ၃လယာယီ ရပ်နားထားဖို့ သဘောတူခဲ့ကြောင်း ပြောပါတယ်။

နှစ်ဘက် ချုပ်ဆိုထားတဲ့ စာချုပ်ပါ အတိုင်း ပြန်ကြားရေး ဝန်ကြီးဌာနဘက်က ဖျက်သိမ်းခွင့် ရှိပေမယ့် ချယ်ရီ FM ဝန်ထမ်းတွေနဲ့ ချယ်ရီ FM ရေဒီယိုရဲ့ အနာဂတ်ကို ထည့်သွင်း စဉ်းစားခဲ့တဲ့အတွက် အခုလို ၃လ ယာယီရပ်နားဖို့ ပြောခဲ့တာ ဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

ဒီကိစ္စကို ချယ်ရီ FMဘက်က တနင်္လာနေ့မှာ တရားဝင် စာတင်ဖို့ လိုကြောင်းနဲ့ သဘောတူ ထားတဲ့အတိုင်း အကောင်အထည် မဖေါ်ဘူး ဆိုရင်တော့ စာချုပ်ပါ သတ်မှတ်ချက် စည်းမျဉ်းတွေ အတိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်နဲ့ တွေ့ဆုံခဲ့တဲ့ ချယ်ရီ FM အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းထွေးဇော် ကတော့ ချယ်ရီ FM ရေဒီယိုကို ရာသက်ပန် အပိတ်ခံမလား၊ သုံးလ အပိတ်ခံမလား ဆိုတာကို ပြန်ကြားရေး ဝန်ကြီးဌာန ဘက်က ရွေးချယ်ခိုင်းခဲ့ပြီး မိမိသဘောဆန္ဒအတိုင်း သုံးလ ရပ်နားတယ် ဆိုတာကို စာတင်ဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

တနင်္လာနေ့မှာ စာမတင်ဖို့ လတ်တလော ဆုံးဖြတ် ထားကြောင်းနဲ့ ဘယ်လို ဆက်ပြီး ဆောင်ရွက်မယ် ဆိုတဲ့ အသေးစိတ်ကိုတော့ ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့နဲ့ တွေ့ဆုံ စည်းဝေးပြီး ဆုံးဖြတ်မှာ ဖြစ်ကြောင်း ဘီဘီစီကို ပြောပါတယ်။