NCA ထိုး​ဖို့ တိုက်​ပွဲ​အားလုံး ရပ်​သွား​အောင် စောင့်​လို့​မ​ဖြစ်​လို့ KNU ပြော

  • 16 ဩဂုတ် 2015
mpc_ncct
Image caption ဩဂုတ် လဆန်းပိုင်း ရန်ကုန် အစည်းအဝေး အပြီး နောက်ဆုံး ရရှိထားတဲ့ သဘောတူ မှုထဲ မှာ တိုင်းရင်းသား တွေ ရဲ့ လိုလား ချက် ဖြစ်တဲ့ လူမျိုးစု လက်နက်ကိုင် တပ် တွေ အားလုံး ပါဝင် လက်မှတ် ရေးထိုး ဖို့ အချက် မပါဝင် သေး ပါဘူး။

တနိုင်ငံလုံး အပစ်အခတ် ရပ်ဆဲရေး စာချုပ် NCA ကို လက်မှတ်ရေး ထိုးဖို့ရာ မြေပြင် တိုက်ပွဲတွေ အားလုံးရပ် သွားတဲ့ အထိ စောင့်နေရင် ဖြစ်လာ နိုင်စရာ မရှိ ဘူး ဆိုပြီး ကရင် အမျိုးသား အစည်းအရုံး KNU က တာဝန် ရှိသူတစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့ကြောင့် အစိုးရ က ပါဝင်ခွင့် ပြုနိုင်တဲ့ အဖွဲ့တွေ နဲ့ NCA ကို စတင် လက်မှတ် ရေးထိုးဖို့ KNU က ဆုံးဖြတ် ခဲ့တာ ဖြစ်တယ် လို့ KNU ရဲ့ အထွေထွေ အတွင်းရေးမှုး လည်း ဖြစ် ၊ အစိုးရ နဲ့ ကြား တာဝန်ယူ ညှိနှိုင်း နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေ ရဲ့ အဆင့်မြင့် ကိုယ်စားလှယ် တွေ ထဲ လည်း ပါဝင် တဲ့ ပဒို စောကွယ်ထူးဝင်း က ဘီဘီစီ ကို ပြောပါတယ်။

NCA မှာ လူမျိုးစု လက်နက်ကိုင် တပ် အားလုံး ပါဝင် လက်မှတ် ထိုး နိုင်ရေး မူ အပေါ် KNU အနေနဲ့ အသေ စွဲ ကိုင် မထားပဲ၊ ကျန် နေခဲ့ နိုင်တဲ့ အဖွဲ့တွေ အားလုံး အဆင့်ဆင့် ပါဝင် လာနိုင်အောင် ဆက်လက် ကြိုးစား သွားမယ် လို့ ပဒို ကွယ်ထူးဝင်း က ဆိုပါတယ်။

ကိုးကန့်တပ် MNDAA၊ တအာင်း ပလောင် TNLA နဲ့ ရခိုင် AA တပ် တွေ လို အဖွဲ့ တချို့ ကို NCA ထဲ ပါဝင်ခွင့် မပြု ဘူး ဆိုတဲ့ အစိုးရ ရဲ့ အကန့်အသတ် ကို အခုလို KNU က လက်ခံ လိုက် ပေမယ့် ကျန် တိုင်းရင်းသား တပ် တွေရဲ့ ရပ်တည် ချက် သဘောထား တွေ တော့ ထွက် ပေါ် မလာသေး ပါဘူး။

ဩဂုတ်လရဲ့ လာမယ့် ၂၁ ကနေ ၂၃ ရက် နေ့ အထိ ထိုင်း နိုင်ငံ ချင်းမိုင် မြို့ မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တွေ့ဆုံ ကြတဲ့ အခါမှာလည်း KNU အမြဲတမ်း ဗဟို ကော်မတီ ရဲ့ အရေးပေါ် အစည်းအဝေး က ဆုံးဖြတ် ထားတဲ့ အတိုင်း အစိုးရက လက်ရှိ ခွင့်ပြုထားတဲ့ အဖွဲ့တွေ နဲ့သာ NCA ကို လက်မှတ် ထိုးရေး မူ အပေါ် ကိုင်စွဲမယ် မှာ ဖြစ်တယ် လို့ ပဒို ကွယ်ထူးဝင်း က ပြောပါတယ်။

NCA ကို တကယ် လက်မှတ် ထိုးမယ့် ရက် သတ်မှတ် နိုင်ဖို့ အတွက် တိုင်းရင်းသား အဖွဲ့ ၅ ဖွဲ့ က ထိပ်သီး ခေါင်း ဆောင် ၅ ဦး နဲ့ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့က ၃ ဦး ပေါင်း ၈ ဦး တို့ဟာ သမ္မတ နဲ့ သွားရောက် တွေ့ဆုံးပြီး အပြီးသတ် သဘောတူမှု ရယူ ကာ ရက်သတ်မှတ် ဖို့ အစီအစဉ် ရှိ ကြောင်း ပဒို ကွယ်ထူးဝင်း က ဆိုပါတယ်။

အစိုးရ ဘက်က တော့ ဩဂုတ် ၂၅ ရက် ပတ်ဝန်းကျင် ဆိုပြီး ယေဘုယျ သတ်မှတ် ထားပေမယ့် တိုင်းရင်းသား တွေ ဘက်က တော့ အတည် မပြုရသေးဘူး လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ