ဦးသိန်းစိန်နဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင်သစ်တွေ တွေ့ဆုံ

  • 17 ဩဂုတ် 2015
Thura U Shwe Mann ဓာတ်ပုံ မူပိုင် AFP
Image caption ပါတီ ဗဟို ကော်မတီ အစည်း အဝေး သူရ ဦးရွှေမန်း မတက်ရောက်

သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်မှာ ရှိတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှာ သမတ ဦးသိန်းစိန်က ဗဟိုကော်မတီဝင် တွေနဲ့ တွေ့ဆုံပြီး ပူးတွဲ ဥက္ကဌ တာဝန် လွှဲပြောင်းတဲ့ ကိစ္စကို ရှင်းပြခဲ့ပါတယ်။

သူရ ဦးရွှေမန်း တက်ရောက်ခဲ့ခြင်း မရှိတဲ့ အဲဒီ တွေ့ဆုံပွဲ အပြီး ညနေပိုင်းမှာ ပါတီ ပြောရေး ဆိုခွင့်ရှိသူတွေက သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပြီး အရင်ထုတ်ပြန် ထားခဲ့တဲ့ အတိုင်း ပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ လုပ်ရတဲ့ ကိစ္စတွေကိုပဲ ပြန်လည် ရှင်းပြခဲ့ကြ ပါတယ်။

ဦးသိန်းစိန်ဟာ ပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်တွေကို လာရောက် နှုတ်ဆက်ပြီး ဥက္ကဌ တာဝန် လွှဲပြောင်းမှုကို ရှင်းပြတာ ဖြစ်တဲ့ အတွက် နိုင်ငံတော် သမ္မတက ပါတီ အရေး မလုပ်ရဘူးဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက်ကို ချိုးဖောက်ရာ မရောက်ပါဘူးလို့ ပါတီ ပြောခွင့်ရသူ ဒေါက်တာ မောင်မောင်ဌေးက သတင်းထောက်တွေကို ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက ဒီတွေ့ဆုံပွဲ မတက်ရောက်ပေမဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ဥက္ကဌ ရုံးခန်းမှာ ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ ပါတယ်။

ရေဘေးသင့် ပြည်သူတွေကို ပြည်သူ့လွှတ်တော်က ထောက်ပံ့ကူညီရေး လုပ်တဲ့ပွဲမှာလည်း သူရဦးရွှေမန်းကိုယ်တိုင် တက်ရောက် လာခဲ့ပါတယ်။

တနင်္လာနေ့ ဗဟို ကော်မတီဝင် တွေ့ဆုံပွဲဟာ ကြံခိုင် ဖွံ့ဖြိုးရေးပါတီ အနေနဲ့ အရင်အတိုင်းပဲ စည်းလုံး ညီညွတ် နေပါတယ်ဆိုတာ ပြချင်တာဖြစ်ပေမဲ့ ဦးရွှေမန်းနဲ့ ရင်းနှီးတဲ့ သူတွေ တက်မလာ တာကို သတိထားမိတယ်လို့ သတင်းစာရှင်းလင်းပွဲ တက်ရောက်တဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ