ပါတီခေါင်းဆောင်အဖြစ်က ဖယ်ခံရတဲ့ ကိစ္စ ဦးရွှေမန်းပြော

  • 18 ဩဂုတ် 2015
Burma Parliament ဓာတ်ပုံ မူပိုင် AFP
Image caption ပါလီမန် အစည်း အဝေးတွေ ပြန်လည် စတင်

သြဂုတ်လ ၁၈ ရက်နေ့က ပြန်လည် စတင်တဲ့ လွှတ်တော် အစည်းအဝေး တွေကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဟာ တက်ရောက်လာပြီး အာဏာရ ပါတီခေါင်းဆောင်အဖြစ်ကနေ သူ ထုတ်ပယ်ခံရတာနဲ့ ပတ်သက်လို့ ရှင်းလင်း ပြောခဲ့ပါတယ်။

ဦးရွှေမန်းက သူ့ဆီကို ရေးလာတဲ့ စာထဲမှာ ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေကြား စိတ်ဝမ်းကွဲစေတာ၊ သူ့တစ်ယောက်ထဲ ဆန္ဒနဲ့ ဆုံးဖြတ်တာ၊ ပါတီရန်ပုံငွေတွေကို ပွင့်လင်း မြင်သာမှုမရှိပဲ သုံးစွဲတာ အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုက်နာမှု မရှိတာ စတဲ့ စွပ်စွဲချက်တွေ ရေးထားတာကို ပြန်ပြောပြပြီး အဲဒါတွေ တခုမှ သူမလုပ်ခဲ့ ဘူးလို့ ပြောပါတယ်။

ဦးဌေးဦးနဲ့ ဦးရွှေမန်းကို လိပ်မူပြီး ရာထူးဖယ်တဲ့ ကိစ္စ အမိန့်စာတစောင် ပေးပို့ခဲ့တာလို့ ဦးရွှေမန်းက ဆိုပေမဲ့ ဘယ်သူက ပေးပို့တယ် ဆိုတာကိုတော့ မပြောခဲ့ ပါဘူး။

မဲဆန္ဒရှင် ၁ရာခိုင်နှုန်းနဲ့ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် ကို ပြန်ရုပ်သိမ်းနိုင်တယ် ဆိုတဲ့ ဥပဒေကြမ်း နဲ့ ပတ်သက်လို့လည်း လွှတ်တော် ဥပဒေကြမ်းကော်မီတီ နဲ့ လွှတ်တော်တွင်း က နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ တိုင်ပင် ဆွေးနွေးကြဖို့ ဦးရွှေမန်းက တောင်းဆိုလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါတီအသီးသီးက ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေကြမ်း ရေးဆွဲရေး ကော်မတီနဲ့ သွားရောက် တွေ့ဆုံညှိနိုင်းကြဖို့နဲ့ သြဂုတ်လ ၂၀ ရက်နေ့ ကြာသပတေး နေ့နောက်ဆုံးထား ပြန်တင်ပြဖို့ လည်း ဦးရွှေမန်းက ပြောခဲ့ ပါတယ်။

တချိန်တည်းမှာ ပဲ မြန်မာနိုင်ငံရေကြီးနေတဲ့အတွက် ကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ လွှတ်တော်ရွှေ့ဆိုင်းရေး တောင်းဆိုတာတွေ ပြည်သူ့လွှတ်တော်မှာရော၊ အမျိုးသား လွှတ်တော်မှာပါ ရှိခဲ့ပေမဲ့ ဦးရွှေမန်းက ရွှေ့ဆိုင်းစရာမလိုဘူးလို့ ပြောဆိုခဲ့ပါတယ်။