ရေဘေးသင့် ဒေသတွေမှာ ပြန်လည်ထူထောင်ရေးတွေ အစိုးရ ပြင်

  • 19 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အိမ်ထောင်စုပေါင်း ၃သိန်း ၈သောင်းကျော် ရေဘေးဒဏ် ခံခဲ့ရတယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဦးစီးဌာနကပြော

ရေဘေးဒဏ် ရင်ဆိုင်ခဲ့ရတဲ့ ပြည်နယ်နဲ့ တိုင်း၁၂ခုမှာ ရေပြန်ကျသွားပြီ ဖြစ်တဲ့ အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ စဖို့ အစိုးရဘက်ပိုင်းက ပြင်ဆင်နေပြီလို့ သိရပါတယ်။

ရေဘေးသင့် ဒေသတွေမှာ ပျက်စီး ဆုံးရှုံးမှု အခြေအနေတွေကို စာရင်းကောက်ယူပြီး အဲဒီက ရလာတဲ့ အချက်အလက်အပေါ် မူတည်လို့ ရေရှည် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စလုပ်မှာ ဖြစ်ပါတယ်။

ဒီလကုန်လောက်မှာ စာရင်းအချက်အလက် အပြီးကောက်ယူနိုင်ဖို့ မျှော်မှန်းထားပြီး လောလောဆယ်မှာလည်း ရေဘေးသင့် ဒေသများ အမြန် ပြည်လည် ထူထောင်ရေး ပေါင်းစပ် ညှိနှိုင်းရေး လုပ်ငန်း ကော်မီတီ ဖွဲ့စည်းထားတယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

အစိုးရက ပြန်လည် ထူထောင်ရေး စဆောင်ရွက်ဖို့ ပြင်နေတယ် ဆိုပေမယ့် လူသူ အရောက်အပေါက် နည်းတဲ့ ဒေသတချို့မှာတော့ အရေးပေါ် ကူညီကယ်ဆယ်မှုတွေ လုပ်ဖို့ လိုနေသေးတယ်လို့ ကူညီကယ်ဆယ်မှု လုပ်နေတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အမှုဆောင် အဖွဲ့ဝင် ဒေါက်တာဥမ္မာက ပြောပါတယ်။

ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏ များလွန်းတဲ့အတွက် ပြန်လည် ထူထောင်ရေးတွေ နှစ်နဲ့ချီ လုပ်ရမယ်လို့ ဆိုပါတယ်။

အစိုးရကတော့ ရေဘေး စဖြစ်တဲ့ အချိန်ကတည်းက ရှာဖွေ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ ကူညီရေးတွေ လုပ်ဆောင်ခဲ့ပြီး အခုတော့ ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးကို တိုင်းဒေသကြီး မြို့နယ်တွေဆီ ကော်မီတီ အဆင့်ဆင့် ဖွဲ့စည်းပြီး စီမံကိန်းချ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဇွန်လကနေ သြဂုတ်လ အထိ နိုင်ငံတဝှမ်း ရေကြီး ရေလျှံမှုတွေကြောင့် လူဦးရေ ၁၆သိန်း၊ အိမ်ထောင်စုပေါင်း ၃သိန်း ၈သောင်းကျော် ဘေးဒုက္ခ ရောက်ခဲ့ရတယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ဘီဘီစီကို ပြောပါတယ်။