ကိုယ်စားလှယ်ရုပ်သိမ်းခြင်းဥပဒေ လွှတ်တော်မှာ ဆွေးနွေးမယ်

  • 19 ဩဂုတ် 2015
Burma Parliament ဓာတ်ပုံ မူပိုင် AFP
Image caption လွှတ်တော် ကိုယ်စားလှယ် တာဝန် ရုပ်သိမ်းရေး နဲ့ ပတ်သက်လို့ သြဂုတ်လ ၂၀ မှာ ဆွေးနွေးမယ်

လွှတ်တော် ကိုယ်စားလှယ် တာဝန် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ သြဂုတ်လ ၁၈ ရက် နေ့က နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် တွေနဲ့ ဥပဒေကြမ်း ပူးပေါင်း ကော်မီတီတို့ ဆွေးနွေး အပြီး နောက်နေ့မှာ ပြည်ထောင်စု လွှတ်တော်ကို အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။

ဆွေးနွေးခဲ့တဲ့ နိုင်ငံရေး ပါတီ ၁၉ ပါတီထဲက ခြောက်ပါတီက လွှတ်တော် နှစ်ရပ် သဘောကွဲလွဲခဲ့တဲ့ အချက်တွေ အပေါ်မှာ လွှတ်တော် အဆုံး အဖြတ်ရယူပြီး အမြန် ဆောင်ရွက်ဖို့ သဘောထား ပေးခဲ့ကြတယ်လို့ ဥပဒေကြမ်း ပူးပေါင်း ကော်မတီတွဲဖက် အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ဘီဘီစီကို ပြောပါတယ်။

ကျန်တဲ့ နိုင်ငံရေး ပါတီ ၁၃ ပါတီနဲ့ တသီး ပုဂ္ဂလ ကိုယ်စားလှယ် ကတော့ အချိန်ယူ ဆောင်ရွက်သင့်တယ်လို့ ဆွေးနွေးကြကြောင်းလည်း သူက ပြောပါတယ်။

နိုင်ငံရေး ပါတီတွေရဲ့ ဆွေးနွေးမှုတွေကို ပြန်လည် လေ့လာတဲ့ အခါ ဒီဥပဒေဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကသာ ကိုင်တွယ် ဆောင်ရွက်ဖို့ အခွင့် အာဏာ အပ်နှင်းခံထားရသလို ဖြစ်နေလို့ ပြန်လည် သုံးသပ်ဖို့ လိုတယ်လို့ ဆွေးနွေးကြတာတွေလည်း ရှိတဲ့ အကြောင်း ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။

မဲဆန္ဒရှင်တွေရဲ့ ၁ ရာခိုင်နှုန်းနဲ့ လွှတ်တော် ကိုယ်စားလှယ် တာဝန် ရုပ်သိမ်း နိုင်တယ် ဆိုရင် လူဦးရေနည်းပါးတဲ့ တချို့ မဲဆန္ဒနယ်တွေမှာ နိုင်ငံရေး ပါတီတွေ အချင်းချင်း အပြန်အလှန် ဆောင်ရွက်လာနိုင်တာတွေလည်း ရှိတယ်လို့ ထောက်ပြခဲ့ကြတာကိုလည်း သူက ပြောပါတယ်။

ဆွေးနွေးမှုတွေ အရ အများဆန္ဒကို ရယူရတဲ့ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အနေနဲ့ ဒီဥပဒေကို ဆက်လက် ဆောင်ရွက်ဖို့ သင့်မသင့် လွှတ်တော်မှာ တင်ပြ ဆွေးနွေးဖို့၊ ဆက်လုပ်ဖို့ မသင့်ဘူးလို့ ဆုံးဖြတ်ရင် ဆိုင်းငံ့ထားဖို့နဲ့ ဆက်လက် ဆောင်ရွက်ဖို့ ဆုံးဖြတ်ရင်တော့ ကျယ်ကျယ်ပြန့်ပြန့် အသေးစိတ် ဆွေးနွေးပြီးမှ အတည်ပြုဖို့ သဘောထား မှတ်ချက် ပေးပါတယ်။

သြဂုတ်လ ၂၀ ရက် ကြာသပတေးနေ့မှာ ဒီဥပဒေကို ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ