မြန်မာနိုင်ငံက ဘဏ်တွေကနေ ငွေပြန်ထုတ်သူတွေ များလာ

ဓာတ်ပုံ မူပိုင် AFP
Image caption ဘဏ်တချို့ ပိတ်ဖို့ ရှိတယ် ဆိုတဲ့ သတင်းတွေကြောင့် အပ်နှံထားတဲ့ငွေ ပြန်ထုတ်သူတွေ များလာ

အခုရက်ပိုင်း ပုဂ္ဂလိက ဘဏ်တချို့မှာ ငွေပြန်ထုတ်တဲ့ သူတွေ များလာတဲ့အတွက် ဗဟိုဘဏ်က တာဝန်ရှိသူတွေ အနေနဲ့ သတင်းစာ ရှင်းလင်းပွဲ လုပ်ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ပြီးတဲ့ နောက်ပိုင်း ငွေကြေးခဝါချမှုနဲ့ ပတ်သက်နေတဲ့ ပုဂ္ဂလိက ဘဏ်နှစ်ခုကို မကြာခင် ပိတ်သိမ်းဖို့ ရှိတယ် ဆိုပြီး ဆိုရှယ် မီဒီယာတွေမှာ သတင်းတွေ ထွက်လာ ခဲ့ပါတယ်။

အဲဒီလို သတင်းထွက်တဲ့ ဘဏ်တွေမှာ ငွေအပ်နှံထားသူ အများစုဟာ သူတို့ငွေတွေကို ပြန်ထုတ်တာတွေ လုပ်လာခဲ့ပါတယ်။

ဗဟိုဘဏ်ကတော့ မည်သည့်ဘဏ်ကိုမှ ပိတ်သိမ်းဖို့ အစီအစဉ် မရှိကြောင်းနဲ့ ပုဂ္ဂလိကဘဏ်များအနေနဲ့ ငွေကြေး အကျပ်အတည်း ဖြစ်လာပါက ဗဟိုဘဏ်အနေနဲ့ ဥပဒေနဲ့ အညီ အကူအညီ ပေးသွားမယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်း အကြံပေး ဦးသန်းလွင်က ဒီ ကောလဟာလ သတင်းတွေဟာ တဒင်္ဂမီးလို ထွက်ပေါ်ခဲ့ပြီး အခုအခါ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်းနဲ့ ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်အတိုင်း ပြည်သူတွေ အနေနဲ့ ဘာမှ စိုးရိမ်စရာ မလိုကြောင်း ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငွေကြေး ပိုလျှံသူတွေ အနေနဲ့ အရင်က ဘဏ်တွေမှာ ငွေအပ်လေ့ အပ်ထ မရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ ပုဂ္ဂလိကဘဏ်တွေမှာ အပ်နှံစ ပြုလာခဲ့ကြပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်း လုပ်ပိုင်ခွင့် ရထားသူ အများစုဟာ တပ်မတော် အစိုးရ လက်ထက်က လူကြီးတွေနဲ့ ရင်းနှီးတဲ့သူတွေ ဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တခုခု ဖြစ်ပွားတိုင်း ဘဏ်တွေမှာ ငွေအပ်နှံထားသူ ပြည်သူတွေအနေနဲ့ စိုးရိမ်မှုတွေ ပေါ်ပေါက်လေ့ ရှိတာ ဖြစ်ပါတယ်။