ဒေါ်လာငွေလဲနှုန်းနဲ့ ရွှေစျေး မြင့်တက်

  • 20 ဩဂုတ် 2015
us dollar ဓာတ်ပုံ မူပိုင် Getty
Image caption ဒေါ်လာဈေးတွေ တက်လာ

ဩဂုတ်လ ၂၀ ရက် ဈေးကွက်ထဲမှာ အမေရိကန် ဒေါ်လာ နဲ့ မြန်မာ ကျပ်ငွေ လဲလှယ်နှုန်း ဟာ တစ်ဒေါ်လာကို (၁၃၀၀) ကျပ် ကျော်အထိ ဈေးပေါက်ပြီး ရွှေဈေးဟာလည်း ဩဂုတ်လ ၁၉ ရက် ကထက် တစ်သောင်းကျော်လောက် မြင့်တက်လာပြီး (၇၇၈၅၀၀) ကျပ်အထိ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်းအတွင်း ဒေါ်လာဈေးဟာ (၁၂၀၀) ကျပ် ကျော် မှာ ရှိနေခဲ့ပြီး ရုတ်ချည်း (၁၃၀၀) ကျပ် ကျော်အထိ မြင့်တက်လာတာ ဖြစ်ပါတယ်။ ဩဂုတ်လ ၂၀ ရက် ဗဟိုဘဏ် သတ်မှတ်နှုန်းထားက တစ်ဒေါ်လာကို မြန်မာငွေ (၁၂၈၃) ကျပ် နဲ့ ငွေလဲလှယ်နှုန်း ရှိပေမယ့် ပြင်ပ ဈေးကွက် နဲ့ နိုင်ငံခြား ငွေလဲကောင်တာ တွေမှာ တစ်ဒေါ်လာကို (၁၃၀၅) ကျပ် အထိ အရောင်းအဝယ် ဈေးပေါက်ခဲ့ပါတယ်။

ရွှေဈေးဟာလည်း တစ်ကျပ်သားကို (၇၆၅၀၀၀) ကျပ် ရှိရာကနေ ဩဂုတ်လ ၂၀ ရက်နေ့မှာ (၇၇၈၅၀၀) ကျပ်အထိ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဈေးကွက်မှာလည်း ရွှေ နဲ့ ဒေါ်လာ ဝယ်လိုအား များနေပြီး အရောင်းမရှိသလောက် နည်းနေပါတယ်။

လောလောဆယ် မှာ ဘဏ်တွေနဲ့ ပတ်သက်လို့ ကောလဟလတွေကြောင့် ဘဏ်မှာ အပ်နှံထားတဲ့ငွေတွေ ထုတ်ယူပြီး ရွှေနဲ့ ဒေါ်လာ ဝယ်ယူစုဆောင်းမှုတွေ ပိုများလာနေတာ ဖြစ်ပါတယ်။ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးဆက်အောင်ကတော့ ဘဏ်တွေ လှုပ်လှုပ်ရှားရှား ဖြစ်နေတာကို စိုးရိမ်စရာ မလိုကြောင်း နဲ့ ငွေကြေးဈေးကွက် ကိုလည်း တည်ငြိမ်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

စီးပွားရေး ပညာရှင် ဦးလှမောင်ကတော့ ဒီလို ဖြစ်ရတာဟာ အစိုးရဘက်ပိုင်းက ထိရောက်တဲ့ လုပ်ဆောင်မှုတွေ မရှိတာကြောင့်လို့ သုံးသပ်ပါတယ်။

ဩဂုတ်လ ၂၀ ရက် ကြာသပတေးနေ့ ဈေးကွက်ပိတ်ချိန်မှာတော့ ဒေါ်လာဈေးဟာ (၁၂၉၅) ကျပ် နဲ့ ရွှေဈေးကတော့ (၇၇၆၇၀၀) ကျပ် အထိ ဈေးအနည်းငယ် ပြန်ကျသွားပါတယ်။

ဒါပေမယ့်တော့ နောက်ရက်တွေမှာ ဒေါ်လာဈေးဟာ သိသိသာသာ ပြန်ကျဖို့ အနေအထား မရှိသလို လက်ရှိ စီးပွားရေး နဲ့ နိုင်ငံရေး မတည်ငြိမ်တာတွေကြောင့် မြန်မာကျပ်ငွေ တန်ဖိုး ကလည်း ဒီထက်ဆက်ကျဖို့ အလားအလာတွေ အများကြီးရှိ တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်နေကြပါတယ်။