NCA အရေး ချင်းမိုင်မှာ ဆွေးနွေး

  • 20 ဩဂုတ် 2015
_mpc_ncct
Image caption အစိုးရ က လိုလားနေ သလို (၁၄+၁) ဆိုတဲ့ စုစုပေါင်း ၁၅ ဖွဲ့ နဲ့ပဲ ထိုးပြီး အဖွဲ့ တချို့ ကို ချန် ထားခဲ့ မလား ဆိုတာ ကို အဓိက ဆွေးနွေး ကြဖို့ ရှိနေပါတယ်။

တနိုင်ငံလုံး အပစ်ရပ်ရေး စာချူပ် NCA ကို အစိုးရ နဲ့ အကြား အပြီးသတ် လက်မှတ် ရေးထိုး နိုင်ရေး နဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက် ကိုင်တပ် ဖွဲ့ အသီးသီး က ခေါင်းဆောင် တွေ ဟာ ဩဂုတ်လ ၂၁ ရက်နေ့ က စလို့ ထိုင်းနိုင်ငံ ချင်းမိုင် မြို့ မှာ တွေ့ဆုံ ကြ မှာ ဖြစ်ပါတယ်။

ဒီ တွေ့ဆုံပွဲ မှာ အစိုးရ က လိုလားနေ သလို ၁၄ အပေါင်း ၁ (၁၄+၁) ဆိုတဲ့ စုစုပေါင်း ၁၅ ဖွဲ့ နဲ့ပဲ ထိုးပြီး အဖွဲ့ တချို့ ကို ချန် ထားခဲ့ မလား ဆိုတာ ကို အဓိက ဆွေးနွေး ကြဖို့ ရှိနေပါတယ်။

တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့ ၁၄ ဖွဲ့ ဟာ တစ်ဖွဲ့ချင်းဆီ အနေနဲ့ ပြည်ထောင်စု အဆင့် ဒါမှ မဟုတ် ပြည်နယ် အဆင့် အစိုးရ နဲ့ ကြား အပစ်ရပ် စာချုပ် ချုပ် ဆိုထား ကြပြီး တဲ့ အဖွဲ့ တွေ ဖြစ်သလို +၁ ဆိုပြီး ရည်ညွှန်း နေတဲ့ ကချင် တပ် KIO လည်း ပဲ မြစ်ကြီးနား သဘောတူညီ ချက် လို မျိုး အစိုးရ နဲ့ အကြား စစ်ရှိန်လျှော့ဖို့ သဘောတူ ထား ပါတယ်။

အစိုးရ ရဲ့ ရပ်တည်မှု ကတော့ အခု တစ်ခေါက် (၁၄+၁) နဲ့ လက်မှတ် ထိုးပြီး မှ ကျန် အဖွဲ့တွေ အရေး ကို ဆက်လက် ဆွေးနွေး မယ် လို့ အာမခံချက် ပေးထား တယ် ဆိုပြီး MPC ငြိမ်းချမ်းရေး စင်တာက ဦးညိုအုန်းမြင့် က ဘီဘီစီ ကို ပြောပါတယ်။

ဒါကြောင့် အစိုးရနဲ့ တဖွဲ့ချင်း အလိုက် အပစ်ရပ် ထားပြီးသား အဖွဲ့ တွေ နဲ့ပဲ NCA ထိုးလိုတဲ့ ဆန္ဒမျိုး အစိုးရ မှာ ရှိနေတာ ဖြစ်ပါတယ်။

ဒီလို ကန့်သတ် မှုကြောင့် ပဲ အစိုးရ နဲ့ တိုင်းရင်းသားတွေ ရဲ့ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ် SD တွေ ဒီ လ ဆန်း ရန်ကုန် မှာ တွေ့ဆုံ ခဲ့ ကြတုန်းက NCA ကို တကယ် လက်တွေ့ ထိုး နိုင်ဖို့ ထိအောင် အပြီးသတ် သဘောတူ ချက် ထွက် မလာ နိုင်ခဲ့ ပါဘူး။

လောလောဆယ် NCA ထဲ အစိုးရ က မပါဝင် စေလို တဲ့ ကိုးကန့်တပ် MNDAA ၊ တအာင်း ပလောင်တပ် TNLA နဲ့ ရခိုင် AA တပ် တွေ ဟာ တဖွဲ့ချင်းစီ အနေနဲ့ အစိုးရ နဲ့ အကြား bilateral လို့ ခေါ်တဲ့ အပြန်အလှန် အပစ်ရပ် ရေး အရင် စထိုး ကြမယ် ဆိုပြီး ဩဂုတ်လ ပထမပတ် ကတည်းက ကမ်းလှမ်း ထားတယ် လို့ ကိုးကန့်တပ် ပြောခွင့်ရ ဦးထွန်းမြတ်လင်း က ဘီဘီစီ ကို ပြောပါတယ်။

ဒါပေမယ့် အစိုးရ ဘက်ကတော့ တစုံတရာ တုန့်ပြန် မှု မလုပ် သေးတဲ့ အပြင် ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ကိုးကန့်ဒေသ မှာ တည်ငြိမ် အေးချမ်းရေးနဲ့ ဥပဒေ စိုးမိုးရေး အခြေအနေ ပုံမှန် ပြန် မဖြစ်သေး လို့ ဆိုတဲ့ အကြောင်း ပြချက် နဲ့ စစ်အုပ်ချုပ်ရေး မာရှယ်လော သက်တမ်း ကို ၃ လ တိုးမြှင့် ခဲ့ သလို လောက်ကိုင် မြို့ ပေါ် မှာလည်း ကာဖျုး အမိန့် ကို မရုတ်သိမ်း သေး ပါဘူး။

လတ်တလော မှာလည်း တရုတ်နိုင်ငံ နယ်စပ် တလျှောက် မှာ ကိုးကန့်နဲ့ အစိုးရ အကြား တိုက်ပွဲငယ် တွေ နေ့စဉ်လို ဖြစ်နေတယ် လို့ ဦးထွန်းမြတ်လင်း က ဆို ပါတယ်။

အခု ချင်းမိုင် အစည်းအဝေး မှာ လူမျိုးစု လက်နက် ကိုင် အဖွဲ့ အားလုံး ပါဝင် ရေး မူ ကို တိုင်းရင်းသား တွေ ဆက်လက် စွဲကိုင် ဖို့ ချမှတ် လာမှာ လား ဒါမှ မဟုတ် ကရင် အဖွဲ့ KNU က ကြေညာ ထား သလို အစိုးရ သဘောတူ တဲ့ အဖွဲ့ တွေ နဲ့ ပဲ NCA ထိုး နိုင်တယ် ဆိုပြီး ကျန် အဖွဲ့ တွေ ကပါ လိုက်လံ ဆုံးဖြတ် ကြမှာ လား ဆိုတာ ဟာ တကယ် NCA ထိုးဖြစ် မထိုးဖြစ် အလားအလာ အပေါ် အများကြီး သက်ရောက် နိုင်တယ်လို့ မြန်မာ့ အရေး လေ့လာ စောင့်ကြည့်သူ တွေ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ