NLD ကိုယ်စားလှယ်လောင်း အပယ်ခံရတာ ဘာကြောင့်လဲ

  • 20 ဩဂုတ် 2015
Burma Election Commission ဓာတ်ပုံ မူပိုင် AP
Image caption ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲ ကော်မရှင် စိစစ်နေ

မန္တလေးတိုင်း ဒေသကြီး လွှတ်တော် မှာ ဝင်ရောက် အရွေးခံဖို့ စာရင်းတင်ထားတဲ့ အန်အယ်လ်ဒီပါတီက ဒေါက်တာ ဦးဝင်းမြင့်ကို ကိုယ်စားလှယ်လောင်း အရည် အချင်းနဲ့ မပြည့်မီလို့ ဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်ပါတယ်။

ကိုယ်စားလှယ်လောင်းကို မွေးဖွားတဲ့ အချိန်က သူ့ရဲ့ မိဘ နှစ်ပါးစလုံး နိုင်ငံသား ဖြစ်ရမယ်လို့ သတ်မှတ်ထားတဲ့ ရွေးကောက် တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေ အရ ပယ်တာ ဖြစ်တယ်လို့ ခရိုင် ကော်မရှင်က ဆုံးဖြတ်တဲ့ အကြောင်း ဒေါက်တာ ဦးဝင်းမြင့်က ဘီဘီစီကို ပြောပါတယ်။

ဒေါက်တာ ဦးဝင်းမြင့်က သူ့ကို မွေးဖွားခဲ့ချိန်မှာ သူ့ရဲ့ ဖခင်ဟာ နိုင်ငံခြားသား ဖြစ်နေခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံသား ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

တစ်ပတ်အတွင်း အယူခံ တင်ခွင့် ရှိတဲ့ အတိုင်း သူ့အနေနဲ့ အယူခံဝင်သွားမယ်လို့လည်း ဆိုပါတယ်။

၂၀၀၈ အခြေခံ ဥပဒေ မပြဌာန်းခင် နိုင်ငံသား ဖြစ်ခဲ့ပြီးသားသူကို နိုင်ငံသား ဖြစ်တယ်လို့ သတ်မှတ်ထား ကြောင်း ဒေါက်တာ ဦးဝင်းမြင့်က ပြောပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥပဒေဟာ ၂၀၀၈ အခြေခံ ဥပဒေနဲ့ ကွဲလွဲနေတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင် ဘက်ကတော့ နိုင်ငံသား ဖြစ်ခွင့်နဲ့ ရွေးချယ် တင်မြှောက် ခံပိုင်ခွင့် ဆိုတာ မတူတဲ့ အကြောင်း ပြောပါတယ်။

ရွေးကောက်တင်မြှောက်ခံနိုင်ခွင့် ရှိသူ ဆိုတာဟာ နိုင်ငံသား မိဘ နှစ်ပါးက မွေးဖွားသူ ဖြစ်ရမယ်လို့ ဥပဒေ ပြဌာန်းထားတာ ဖြစ်ပြီး၊ နိုင်ငံသား မဖြစ်သေးသူ မိဘ နှစ်ပါးလုံးက ဖြစ်စေ၊ နိုင်ငံသား မဖြစ်သေးတဲ့ မိခင် ဒါမှမဟုတ် ဖခင်က ဖြစ်စေ မွေးဖွားခဲ့သူဟာ ရွေးကောက်ခံပိုင်ခွင့် မရှိဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်ရုံး ညွှန်ကြား ရေးမှူး ဦးသောင်းလှိုင်က ပြောပါတယ်။

ဒီဥပဒေ အတိုင်း ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာရော ၂၀၁၀ ရွေးကောက်ပွဲမှာပါ ကျင့်သုံးခဲ့တာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ