ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အီးယူ အဖွဲ့လာမယ်

  • 21 ဩဂုတ် 2015
burma_election ဓာတ်ပုံ မူပိုင် Reuters
Image caption ရွေးကောက်ပွဲ ကို အီးယူ လေ့လာ စောင့်ကြည့်မယ်

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပသွားမယ့် ရွေးကောက်ပွဲအတွက် လေ့လာ စောင့်ကြည့်ရေးနဲ့ ပတ်သက်တဲ့ နားလည်မှု စာချွန်လွှာ တရပ်ကို မြန်မာနဲ့ ဥရောပသမဂ္ဂတို့ နေပြည်တော်မှာ ဩဂုတ်လ ၂၁ ရက်နေ့မှာ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

အဲဒီလေ့လာ စောင့်ကြည့်ရေး အဖွဲ့ကို ဦးဆောင်မယ့် သူတဦးကိုလည်း မကြာမီမှာ ခန့်အပ်သွားမှာ ဖြစ်ပါတယ်။

အဲဒီအဖွဲ့ထဲက ရွေးကောက်ပွဲ ကျွမ်းကျင် ပညာရှင်များ ပါဝင်တဲ့ ပင်မအဖွဲ့ဟာ ဝန်းကျင် အခြေအနေ တွေကို လေ့လာနားလည် သိရှိဖို့နဲ့ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံမှုတွေ လုပ်နိုင်ဖို့ ရွေးကောက်ပွဲနေ့ မတိုင်မီ သတင်းပတ် အနည်းငယ်မှာပဲ မြန်မာ နိုင်ငံကို ရောက်လာကြမှာ ဖြစ်ပါတယ်။

စောင့်ကြည့်ရေး အဖွဲ့အနေနဲ့ ရွေးကောက်ပွဲ လုပ်ငန်း ပြီးဆုံးတဲ့ အထိ ဆက်ရှိနေမှာ ဖြစ်ပြီး လေ့လာ ဆန်းစစ်မှု တွေကိုလည်း နိုင်ငံတကာ စံချိန်စံညွှန်း တွေနဲ့ ကိုက်ညီမှု ရှိစေဖို့ ပံ့ပိုး ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။

ကနဦး ကြေညာချက်ကို ရွေးကောက်ပွဲ မဲပေးတဲ့နေ့အပြီး မကြာခင်မှာ ထုတ်ပြန်မှာ ဖြစ်ပြီး အပြီးသတ် အစီရင်ခံစာကိုလည်း နောက်လာမယ့် အဆင့်မှာ ထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။