သူရဦးရွှေမန်း ဇေယျာသီရီ မဲဆန္ဒရှင် တွေနဲ့ တွေ့

_shwe_man_
Image caption ၂၀၁၅ ရွေးကောက်ပွဲ မှာတော့ သူရ ဦးရွှေမန်း ဟာ ဇာတိ ဖြူးမြို့နယ် မဲဆန္ဒနယ် က ဝင်ရောက် ယှဉ်ပြိုင် မှာ ဖြစ်။

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ရဲ့ ခေါင်းဆောင် နေရာ က အဖယ်ရှား ခံထားရ တဲ့ သူရ ဦးရွှေမန်း ဟာ လူအများ မြင်ကွင်း ရှေ့ ပြန်လည် ထွက်ပေါ် လာနေပါတယ်။

ဩဂုတ်လ ၂၁ ရက် နေ့ က သူ့ရဲ့ နေပြည်တော် ဇေယျာသီရီ မဲဆန္ဒနယ် ထဲ မှာ ပါဝင်တဲ့ စိမ်းစားပင် ရွာ ကို သွားခဲ့ပြီး ဒေသခံ တွေ နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

လတ်တလော အပြောင်းအလဲ သတင်းတွေ ကြောင့် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း အတွက် စိတ် ပူပန် နေကြတဲ့ ရွာခံတွေ နဲ့ ဦးရွှေမန်း တို့ တွေ့ဆုံ ကြတဲ့ အခါ စိတ်ခံစား လှုပ်ရှားမှု တွေ ကြောင့် နှစ်ဘက် စလုံး မျက်ရည်ကျ ကြခဲ့ တဲ့ အထိ ဖြစ်ခဲ့ ကြတယ် လို့ ပြည်သူ့ လွှတ်တော် ဥက္ကဌရုံး ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကိုဝင်း က ပြောပါတယ်။

ဦးရွှေမန်းကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ်က ရုပ်သိမ်းဖို့ ဇေယျာသီရီ မဲဆန္ဒနယ် ထဲ ကနေ လက်မှတ် ထိုး တောင်းဆို ထားမှု လည်း ရှိနေပါတယ်။

အဲဒီလို တောင်းဆိုသူတွေ ဟာ တပ်မတော် သား မိသားစု တွေ ဖြစ်ပြီး အမိန့် ပေးခံ ရလို့ လုပ်ဆောင်ရ သူတွေ ဖြစ်တယ် လို့ ဦးအောင်ကိုဝင်း က ပြောပြီး အခြေအနေ ကို ဦးရွှေမန်း က နားလည် သဘောပေါက် တယ် လို့လည်း ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မှာတော့ သူရ ဦးရွှေမန်း ဟာ ဇာတိ ဖြူးမြို့နယ် မဲဆန္ဒနယ် က ဝင်ရောက် ယှဉ်ပြိုင် မှာ ဖြစ်ပြီး ဦးရွှေမန်း ဟာ သူတို့ ပါတီ ရဲ့ ကိုယ်စားလှယ်လောင်း အဖြစ် ဆက်လက် ရှိနေ သေးတယ် လို့ ကြံ့ခိုင်ရေး ပါတီ က အတည်ပြု ပြောကြား ထားပါတယ်။

ဩဂုတ် ၂၂ ရက် စနေနေ့ မှာ မဲဆန္ဒနယ်သစ် ဖြူး မြို့နယ် ကို သူရဦးရွှေမန်း သွားရောက် မယ်လို့ ဦးအောင်ကိုဝင်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ