ကြံ့ခိုင်ဖွံ့ဖြိုးရေး ဥက္ကဋ္ဌ ဦးဌေးဦးနဲ့ ဘီဘီစီ သီးသန့် အင်တာဗျူး

  • 21 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် AP
Image caption ကိုယ့်ကိုကိုယ်ဘဲ ပြိုင်မယ်လို့ ဦးဌေးဦးကဆို

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီမှာ ဥက္ကဌ သူရ ဦးရွှေမန်းကို ဖယ်ရှား ပြီးတဲ့နောက် ဥက္ကဌသစ် ဖြစ်လာတဲ့ ဦးဌေးဦး ကို ဘီဘီစီ သတင်းထောက် ကိုနေလင်းက နေပြည်တော်မှာ တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။

ကိုနေလင်း။ အဓိက ယှဉ်ပြိုင်ဖက် ပါတီတွေက ဘယ်ပါတီ တွေလို့ ထင်လဲ။

ဦးဌေးဦး။ အဓိက ယှဉ်ပြိုင်ဖက် ပါတီ ဆိုရင်တော့ ကိုယ်တိုင် ပဲဗျ။ ကိုယ့်ကို ကိုယ် ပြိုင်ရ မှာဘဲ။ ကိုယ့်ကို လူထုက ပိုပြီး ယုံကြည် လာမှ ဖြစ်မယ်။ တခြား ပါတီတွေ ဆိုတာတော့ သူ့မှာလည်း ကောင်းတာတွေ ကတော့ရှိတာပေါ့။ အားသာချက် အားနည်းချက် ဆိုတာ အဖွဲ့အစည်းတိုင်း မှာလည်း ရှိတယ်။ လူတိုင်း မှာလည်း ရှိတယ်။ အဲဒီတော့ သူများက အား နည်းလို့ ကျွန်တော်တို့ နိုင်သွားတယ် ဆိုတာ ဘယ်ဖြစ်မလဲ။ ကိုယ်တိုင် အားသာချက် ရှိပြီးတော့မှ ပြည်သူ အတွက် အကျိုးပြု တယ်လို့ လူထုက ယုံပြီးတော့မှ နိုင်သွားတာ ပိုကောင်း တာပေါ့။ ဒါကြောင့် ကျွန်တော့် အနေနဲ့ ပြောမယ် ဆိုရင် ဘယ်သူ့မှ မပြိုင်ပါဘူး။ ကိုယ့်ကိုကိုယ်ဘဲ ပြိုင်ကြမယ်လို့ ဒီလိုဘဲ တွက်ပါတယ်။

ကိုနေလင်း။ ဟုတ်ကဲ့၊ အန်အယ်ဒီ တို့ ဘာတို့ ကို ပြိုင်ဘက်လို့ သဘော မထား ဘူးလား။

ဦးဌေးဦး။ နဂို ကတည်းကလည်း သဘော မထားပါဘူး၊ ကျွန်တော် တို့တွေ။ သူတို့ အားလုံးကို လုပ်ဖော် ကိုင်ဖက် လို့ဘဲ သဘော ထားတယ်။ ပါတီစုံ ဒီမို ကရေစီ လမ်းကြောင်းမှာ သွားတယ်ဆို ရွေးကောက်ပွဲက မလွဲမသွေ ဖြစ်မှာဘဲ။ ဒီ ရွေးကောက်ပွဲ လမ်းကြောင်းကို သူတို့ ပါဝင် လာတယ် ဆိုတဲ့ ဥစ္စာတွေ အားလုံးက၊ ပါတီတွေ ပါလာတယ် ဆိုတဲ့ ဥစ္စာတွေ အားလုံးက ဆန့်ကျင်တာမှ မဟုတ် တာဘဲ။ လုပ်ဖော် ကိုင်ဘက် တွေဘဲ။ ဒီစနစ်ကြီးကို အောင်မြင်အောင် သူတို့လည်း ဝင်ပါရတာ ဖြစ်တဲ့ အတွက် ကျွန်တော် တို့က ဆန့်ကျင်တဲ့ အနေနဲ့ လို့လည်း သဘော မထားဘူး၊ ပြိုင်ဘက် လို့လည်း သဘော မထားပါဘူး။ လုပ်ဖော် ကိုင်ဖက်လို့ပဲ သဘော ထားတယ်။

ကိုနေလင်း။ အခုဆိုရင် ပြည်ခိုင်ဖြိုး ပါတီကို တပ်မတော်က ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ် တွေတော်တော် များများ ဟိုအပတ် ကနေ အငြိမ်းစား ယူပြီး ဝင်လာတာ တွေ့ရ ပါတယ်။ အခု ပြည်ခိုင်ဖြိုး ပါတီမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက ဘယ်လို နေရာကများ ပါဦးမလဲ ခင်ဗျ။

ဦးဌေးဦး။ ကျွန်တော် ထင်ပါတယ်။ ပါတီ ဆိုတာ ယုံတဲ့ လူတွေ ဝင်တာပေါ့။ တပ်မတော် ကနေ အငြိမ်းစား ယူတဲ့ ပုဂ္ဂိုလ်တွေ၊ တပ်မတော်မှာ ရှိတုန်း ကတော့ သူတို့ ပါတီ တာဝန် ထမ်းဆောင်လို့မှ မရတာ။ အငြိမ်းစား ယူတဲ့ ပုဂ္ဂိုလ်တွေကလည်းပဲ ကျွန်တော်တို့ ပါတီကြောင့် မဟုတ်ပါဘူး။ သူရဲ့ အသက်ကာလ အပိုင်းအခြား အရ သူက ဖြစ်နေတယ်။ ဖြစ်နေတဲ့ လူတွေ ထဲကမှ ပါတီကို ယုံကြည်လို့ ဝင်လာတယ် ဆိုရင်တော့ ကျွန်တော်တို့ လက်ခံ မှာပေါ့။

ကိုနေလင်း။ တပ်မတော်သားတွေအနေနဲ့ရော၊ အရပ်ဖက် ဌာနဆိုင်ရာတွေမှာ ဝင်ပြီးတော့ တာဝန်ထမ်းဖို့ အရည်အချင်းတွေက တကယ်ပြည့်မီတဲ့ အရည်အချင်းတွေ ရှိပါလားခင်ဗျ။

ဦးဌေးဦး။ ကျွန်တော်ဒါနဲ့ပတ်သက်လို့၊ ဒီဖက်ပိုင်းကျတော့ ကျွန်တော်တို့ပါတီပိုင်းမဟုတ်တော့ဘူး။ အစိုးရပိုင်း၊ အုပ်ချုပ်ရေး ပိုင်းဖြစ်နေပြီ။ အုပ်ချုပ်ရေးပိုင်းကလူတွေလည်းအားလုံးကိုစိစစ်ပြီးမှဆောင်ရွက်မယ်လို့ကျွန်တော်မြင်ပါတယ်။

နေလင်း။ ဒီအပြောင်းအလဲ မှာကော၊ တချို့က ဒီမို ကရေစီ စံချိန်စံညွှန်းနဲ့ မကိုက်ညီဘူး ပေါ့နော်၊ အာဏာရှင် ဆန်ဆန် ပြောင်းလဲ လိုက်တာလို့ ပြောတဲ့ ဝေဖန်မှု တွေကိုရော ဘယ်လိုများ တုံ့ပြန်ဖို့ ရှိမလဲ။

ဦးဌေးဦး။ ကျွန်တော့် အနေနဲ့ ပြောရမယ် ဆိုလို့ရှိရင်၊ ပါတီ ဆိုတာ ပါတီ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း နဲ့ဘဲ လိုက်နာ ရတယ်။ အဲဒီတော့ ပါတီ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း အတိုင်း အကြမ်းဖျဉ်း ကျွန်တော်တို့ ပြောကြမယ်ဆိုရင်တော့ ၁၃ ရက်နေ့မှာ တပ်မတော် ကနေ ထွက်တဲ့ လူတွေ၊ နောက် အစိုးရ အဖွဲ့က နှုတ်ထွက်တဲ့ လူတွေ ရှိလာတယ်။ ရှိလာတော့ သူတို့ရဲ့ ဆန္ဒ သဘောထား ကို ကျွန်တော်တို့ ပါတီရဲ့ လုပ်ထုံး လုပ်နည်း အတိုင်းဘဲခေါ် မေးတယ်။ ခင်ဗျား တို့က ဘယ်ကို သွားမှာလဲ။ ပါတီကို ဝင်မယ်ဆို တချို့ လည်း ကမ်းလှမ်းတယ်။ ခေါ်မေးတဲ့ အချိန် ကျတော့၊ ပါတီကို ဝင်မယ်။ ပါတီနဲ့ ပူးပေါင်း ဆောင်ရွက်မယ် ဆိုပြီးတော့၊ တချို့ကလည်း ကျွန်တော်တို့ အရင် ကတည်းက ဗဟို အလုပ် အမှုဆောင် တွေ။ လူဟောင်းတွေ ဖြစ်တဲ့ အတွက်၊ ကဲ ဒါဆိုလို့ ရှိရင်တော့ ကျွန်တော်တို့ သဘောနဲ့ ဆုံးဖြတ်လို့ မရဘူး ။မနက်ဖြန် ကျရင် ဗဟို အလုပ် အမှုဆောင် ကော်မီတီအစည်းဝေး လုပ်မယ်။ ဆိုပြီး တော့မှ၊ လွှဲပြောင်း တာတော့ လွှဲပြောင်း ပြီးပြီပေါ့။ အဲဒီ အချိန်မှာ ကျွန်တော့်ကို တာဝန် လွှဲပြောင်းတဲ့ အတွက် ကျွန်တော့် မှာတော့ တာဝန် ရှိနေပြီ။ အဲဒီမှာ ကျွန်တော် တို့က ဘာတွေနဲ့တိုင်ပင်လဲ ဆိုရင် ဗဟို အကြံပေး တွေနဲ့ တိုင်ပင်တယ်။ အတိုင်ပင်ခံ အဖွဲ့တွေနဲ့ တိုင်ပင်တယ်။ ဒါ ညကျတဲ့ အချိန် ကျတော့ လူ အများကြီးလည်း မဖြစ်နိုင် ဘူးလေ။ မဖြစ်နိုင်တဲ့ အချိန် ကျတော့ ဒါနဲ့ တိုင်ပင်တယ်။ တိုင်ပင် ပြီးတော့ ဒါဆိုလို့ ရှိရင်တော့၊ ပါတီရဲ့ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းနဲ့ အညီ ဆောင်ရွက်မယ် ဆိုရင်တော့ ဗဟို အလုပ် အမှုဆောင် ကော်မီတီ လုပ်ရမယ်။ ဘာလို့လဲ ဆို၊ ပါတီ ညီလာခံ လည်း လုပ်လို့ မရဘူး၊ နောက် ဗဟို ကော်မီတီ အစည်းဝေးလည်း လုပ်လို့ မရနိုင် သေးဘူး။ အဲဒီ အချိန်မှာ လွှဲထားတာ ကတော့ ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မီတီဘဲ။ ခုန အတိုင်ပင်ခံ အဖွဲ့ ဆိုတာ တော့ ရှိပါတယ်။ သို့သော်လည်းဘဲ ဒါနဲ့မလုံ လောက်ဘူး။ ကျွန်တော်တို့ လိုက်ပြီး စုစည်း လိုက်တယ်။ စုစည်း လိုက်တော့ ၃၂ယောက် ရတယ်။ ဗဟို ကော်မီတီ ကလည်း မလုပ်နိုင် သေးဘူး၊ ဗဟို အလုပ် အမှုဆောင် အဖွဲ့ အနေနဲ့ စိစစ် ပေးပါ၊ ဆွေးနွေး ပေးပါဆိုပြီးတော့ ကျွန်တော်တို့ ဆွေးနွေး ကြတယ်။ အားလုံးကပဲ ကျွန်တော်တို့ နောက်ဆုံးပိတ်၊ ဒီလူတွေကို တိုးချဲ့ပြီး တော့ မှဆောင်ရွက်ဖို့ ဆိုတဲ့ ဥစ္စာ ကျွန်တော်တို့ သဘော တူတယ်။ အဲဒီ အထဲမှာ ဟိုအရင် ဗဟိုအလုပ် အမှုဆောင် ကော်မီတီကို ကျွန်တော်တို့ ဖျက်ပစ်တာ မဟုတ်ဘူး။ ဟို ဗဟို အလုပ် အမှုဆောင် ကော်မီတီက အင်အား အများစု ပါတယ်။ ဒီလို တိုးချဲ့ ဖွဲ့စည်းတာ။ ပြင်ဆင် ဖွဲ့စည်း တာတောင် မဟုတ်ဘူး။ အင်အား ဖြည့်တင်းတဲ့ သဘောပဲ ရှိတယ်။ အဲဒီ ပထမဆုံး လုပ်တဲ့ အစည်းဝေးမှာ၊ မနက် ၈ နာရီမှာ လုပ်တဲ့ အစည်းအဝေး မှာ အတည်ပြု လိုက်တယ်။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း အတိုင်းပဲ၊ ပါတီ တခုရဲ့လုပ်ထုံး လုပ်နည်းပဲ။

ကိုနေလင်း။ ခုလာမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း တယောက် အနေနဲ့ ဝင်ပြိုင် ပြီးတော့ သမ္မတ လုပ်ခွင့် ရှိမယ် ဆိုရင် သမ္မတ လုပ်ဖို့ ရောရှိ မလား ခင်ဗျ။

ဦးဌေးဦး။ ကျွန်တော် ဒီဥစ္စာနဲ့ ပတ်သက်လို့ ဟိုအရင် တုန်းကလည်း ဒီရပ်တည်ချက် ကို ကျွန်တော် တစိုက် မတ်မတ် ပြောခဲ့ ပါတယ်။ အဲဒီတော့ ပထမဆုံး အချက် ကတော့ သမ္မတ လုပ်ချင် တိုင်းလည်း လုပ်လို့ မရဘူး။ ကိုယ့် ဆန္ဒ ရှိတဲ့ အတိုင်းလည်း သမ္မတ လုပ်လို့ မရဘူး။ နောက် တခု ကလည်းဘဲ အဲဒီလို လုပ်နိုင်ဖို့ ဆိုရင် ပထမဆုံးက ပါတီ နိုင်မှ ဖြစ်မယ်။ ကျွန်တော့် သဘောနဲ့ ကျွန်တော် လုပ်တယ် လို့လည်း ပြောလို့ မရဘူး မလုပ်ဖူး လို့လည်း ပြောလို့ မရဘူး။ နိုင်အောင် အရင် လုပ် မှာပေါ့။ လုပ်ပြီးရင် ပါတီဝင် တွေရဲ့ သဘောထား ရှိမှာ ပေါ့ဗျာ။ သူတို့ဘဲ တင်မှာပေါ့။ သူတို့ရဲ့ သဘောထား အပေါ်မှာ တည်ပြီးမှဆောင်ရွက် ကြမှာပေါ့။ ဒါပါဘဲ။

ကိုနေလင်း။ နိုင်လည်း နိုင်မယ်၊ ပါတီ ကလည်း ရွေးမယ် ဆိုရင် သမ္မတ တာဝန် တွေကို ထမ်းနိုင်မယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည် ပြီလား ခင်ဗျ။

ဦးဌေးဦး။ ကျွန်တော်တို့ ကတော့ အကောင်းဆုံး ပြင်ထား တာဘဲ။ သို့သော်လည်း လုပ်နိုင် မလုပ်နိုင် ဆိုတာ လုပ်ကြည့် မှဘဲ သိမှာဘဲ။ ဒါပေမယ့် ကျွန်တော် သဘော ပြောရမယ် ဆိုရင် နိုင်တာက အရင်၊ ကျန်တဲ့ ဥစ္စာတော့ စိတ်ကူး ယဉ်တာ ဖြစ်နေတယ်။