နိုင်ငံတကာ စောင့်ကြည့်မယ့် ရွေးကောက်ပွဲ

  • 22 ဩဂုတ် 2015
election burma
Image caption လေ့လာမှုတွေကြောင့် ရွေးကောက်ပွဲ ပြည်သူ အယုံအကြည် ရှိလာနိုင်

အီးယူ ဥရောပ သမဂ္ဂက နိုဝင်ဘာလ ရွေးကောက်ပွဲ စောင့်ကြည့် ရေးအတွက် မြန်မာ အစိုးရနဲ့ နားလည်မှု စာချွန်လွှာ နေပြည်တော် မှာ လက်မှတ် ထိုးခဲ့ ပါတယ်။

ဒီလို နိုင်ငံတကာ နဲ့ ပြည်တွင်းက စောင့်ကြည့် လေ့လာမှုတွေ ကြောင့် ရွေးကောက်ပွဲ အပေါ် ပြည်သူ အယုံအကြည် ပိုရှိလာနိုင် တယ် လို့ ရွေးကောက်ပွဲ စောင့်ကြည့်တဲ့ ယုံကြည် ရသော ရွေးကောက်ပွဲ များ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်း လှုပ်ရှားမှု အဖွဲ့ (PACE) က အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် က ဆိုပါတယ်။

ကာတာ စင်တာ လို နိုင်ငံတကာ အဖွဲ့ က အစိုးရနဲ့ နားလည်မှု လက်မှတ်ထိုး ပြီးနောက် အီးယူက ဒုတိယ လက်မှတ် ထိုးတာ လို့ ဆိုပါတယ်။

မဲရုံ လေးသောင်း ကျော် ကို ဘယ်လို နည်းစနစ် တွေနဲ့ အီးယူက လေ့လာ စောင့်ကြည့်မလဲ သေချာ မသိ ရသေးပါဘူး။

ဒါပေမဲ့ ရွေးကောက်ပွဲ မတိုင်မီ ကာလ ထဲက မဲစာရင်း အမှား အယွင်း အကျအပေါက် တွေ များလွန်းတာ ကို လည်း စောင့်ကြည့် လေ့လာ သင့် တယ် လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် ဦးဝင်းမြင့် က ပြော ပါတယ်။

ရွေးကောက်ပွဲ ကာလ မဲရုံတွေ ကို အင်အား အလုံအလောက် နဲ့ လေ့လာဖို့၊ ရွေးကောက်ပွဲ အပြီး အငြင်းပွားမှု တွေကို ဖြေရှင်း ဆောင်ရွက်တာတွေကို နိုင်ငံတကာ က သေချာ စောင့်ကြည့်သင့် တယ် လို့ လည်း ဆိုပါတယ်။

နိုင်ငံတကာ လေ့လာ စောင့်ကြည့်မှု အပြင် ပြည်သူတွေရဲ့ ပူးပေါင်း ပါဝင်မှု၊ ဥပဒေတွေနဲ့ ကော်မရှင် ရဲ့ တရားမျှတမှု၊ ပါတီတွေ ဘက်က မျှတ မှန်ကန်အောင် ဆောင်ရွက်မှု တွေ ရှိမှ လွတ်လပ် မျှတ တဲ့ ရွေးကောက်ပွဲ ရလဒ် တွေ ပေါ်ထွက် နိုင်မယ် လို့ အကဲခတ် တွေက သုံးသပ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ