ဆွမ်​ပရာ​ဘွမ်ကို ကယ်ဆယ်​ရေး​တွေ မ​ပို့​နိုင်​

  • 22 ဩဂုတ် 2015
_kachin
Image caption ကေအိုင်အို အတွက် ပါ ရိက္ခာ လမ်းကြောင်း ပွင့်သွားမှာ စိုးရိမ်လို့ ရေလမ်းကြောင်းကို ပိတ်ထားတာ ဖြစ်နိုင်တယ်။

ကချင်ပြည်နယ် ဆွမ်ပရာဘွမ် မြို့နယ်တွင်း ပြီးခဲ့တဲ့ စက်တင်ဘာလ က အစိုးရ တပ်နဲ့ ကေအိုင်အို အကြား ဖြစ်ပေါ် ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသတွင်း ကျေးရွာ တွေ ကနေ ထွက်ပြေးခဲ့ ကြရတဲ့ ထောင်နဲ့ ချီတဲ့ စစ်ဘေးရှောင် ဒုက္ခသည် တွေ အတွက် ဆေးဝါး နဲ့ စားနပ် ရိက္ခာ အပါအဝင် တခြား ထောက်ပံ့ရေး ပစ္စည်း တွေ အရေးတကြီး လိုအပ် နေတယ် ဆိုပြီး ဒုက္ခသည် အရေး ကူညီ ဆောင်ရွက် နေသူ တွေ က ပြောပါတယ်။

ဆွမ်ပရာဘွမ် ကို တစ်ရက် အတွင်း အမြန်ဆုံး ရောက်နိုင်တဲ့ ရေလမ်းကြောင်း ကို အစိုးရ က သွားခွင့် မပြုတဲ့ အတွက် ကယ်ဆယ်ရေး ပစ္စည်း တွေ မပို့နိုင် ဖြစ်နေရပြီး ကုန်းလမ်း ခရီး နဲ့ သွားဖို့ရာ ကလည်း ကားလမ်း မပေါက်၊ တံတားကျိုး ဖြစ်နေလို့ လနဲ့ချီ ကြာ နိုင်တယ် ဆိုပြီး မြစ်ကြီးနား အခြေစိုက် ကချင် နှစ်ခြင်း ခရစ်ယာန် အသင်းချုပ် KBC က ဘီဘီစီ ကို ပြောပါတယ်။

ဒုက္ခသည်တွေ အတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ တွေ၊ အလှူငွေ တွေ ကို အသင့်စုစောင်း ထားပြီး ဖြစ်ပေမယ့် ရောက်အောင် ပို့နိုင်မယ့် လမ်း ကို ပိတ်ပင်ထား လို့ ကယ်ဆယ်ရေး ပစ္စည်းတွေကို မြစ်ကြီးနား မှာ ပုံထား ရတယ်လို့ ကချင် ငြိမ်းချမ်းရေး ကွန်ရက် က ဒေါ်ခွန်ဂျာ ကလည်း ဆိုပါတယ်။

ဒါ့ကြောင့် ဆွမ်ပရာဘွမ် မြို့နယ်တွင်း ကျေးရွာတွေက ကချင် စစ်ဘေး ဒုက္ခသည် တွေ ကို ကူညီ နိုင်ဖို့ ဆိုရင် အစိုးရ က လမ်းဖွင့် ပေးဖို့ က အဓိက ကျနေတယ် လို့ ဒေါ်ခွန်ဂျာ က ပြောပါတယ်။

ကေအိုင်အို အတွက် ပါ ရိက္ခာ လမ်းကြောင်း ပွင့်သွား မှာ စိုးရိမ်တဲ့ အတွက် အစိုးရ က ရေလမ်းကြောင်း ကို ပိတ်ထား တာ ဖြစ်နိုင်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် တစ်ဦး ဖြစ်တဲ့ ဦးစန်းအောင် က သုံးသပ်ပါတယ်။

စစ်ဘေးရှောင် ဒုက္ခသည် တွေ ပုန်းခိုရာ ဂျရာယမ် ကျေးရွာ အနီးတဝိုက် မှာ လတ်တလော တိုက်ပွဲတွေ မရှိတော့ ပေမယ့် အစိုးရ က ဆွမ်ပရာဘွမ် မြို့နယ် ထဲ မှာ တပ်အင်အားတွေ တိုးမြှင့် ချထား တယ် လို့လည်း ဦးစန်းအောင် က ဆိုပါတယ်။

ဆွမ်ပရာဘွမ် ကို ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ဆောင်ရေး လမ်းဖွင့် ပေးဖို့ အစိုးရ အပေါ် နိုင်ငံတကာ အဖွဲ့အစည်း တွေ အပါအဝင် လူမှု ရေး နဲ့ ဘာသာရေး အဖွဲ့အစည်းတွေ က တိုက်တွန်း နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ