ရေဘေးသင့်နယ်တွေ ပြန်လည်ထူထောင်ရေး ရံပုံငွေချပေး

  • 23 ဩဂုတ် 2015
_kalay_
Image caption အကျိုးရှိ ထိရောက်အောင် သုံးစွဲမှု ရှိမရှိ ဒေသခံတွေ အနေနဲ့ စောင့်ကြည့်ဖို့ လိုအပ်။

ရေဘေး အန္တရာယ် ကျရောက် ခဲ့တဲ့ မြန်မာ နိုင်ငံ တဝှမ်းက တချို့ ဒေသတွေ မှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ မှာ အသုံးပြုဖို့ ပြည်ထောင်စု သီးသန့် ရံပုံငွေ ထဲက ကျပ် သန်းပေါင်း ၂၄ ဘီလီယံ ကို ပြည်ထောင်စု လွှတ်တော် က ခွင့်ပြု ခဲ့ပါတယ်။

အဲဒီ့ ငွေပမာဏ ကို နယ်စပ်ရေးရာ၊ လယ်ယာ စိုက်ပျိုးရေး နဲ့ ဆည်မြောင်း၊ ပို့ဆောင်ရေး၊ ပညာရေး နဲ့ ဆောက်လုပ်ရေး စတဲ့ ဝန်ကြီး ဌာန တွေ ခွဲဝေ ရရှိမှာ ဖြစ်ပြီး စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန် နဲ့ ဧရာဝတီ တိုင်း ဒေသကြီးတွေ နဲ့ ရခိုင်ပြည်နယ် တွေ ထဲက ပြည်လည် ထူထောင်ရေး စီမံကိန်းတွေ မှာ သုံးစွဲ ဖို့ ဖြစ်ပါတယ်။

ဥပမာ အားဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး ထဲက ရေနစ်မြုပ်ခဲ့ရာ လယ်မြေ တွေ မှာ အချိန်မီ ပြန်လည် စိုက်ပျိုး နိုင်ရေး အတွက် မျိုးစပါးတွေ ကို အခမဲ့ ဖြန့်ဝေပေး ဖို့ ကျပ် သန်းပေါင်း ၄၅၀ ကျော် သုံးစွဲမယ် လို့ ဆိုပါတယ်။

ဒီငွေတွေကို အကျိုးရှိ ထိရောက်အောင် နဲ့ ရည်မှန်းထားတဲ့ အတိုင်း သုံးစွဲမှု ရှိမရှိကို ဒေသခံတွေ အနေနဲ့ စောင့်ကြည့်ဖို့ လိုအပ် တယ် လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ ပြည်သူ့ လွှတ်တော် အမတ် တစ်ဦး ဖြစ်တဲ့ ဒေါ်စန္ဒာမင်းက ဘီဘီစီ ကို ပြောပါတယ်။

အဲဒီ့လို ပြည်သူတွေ က စောင့်ကြည့် နိုင်ဖို့ ဆိုရင် ငွေလက်ခံ ရရှိရာ ဒေသခံ အစိုးရ အာဏာပိုင် အဆင့်ဆင့် အနေနဲ့ ဒေသခံ အရပ်ဘက် အဖွဲ့ အစည်းတွေ၊ ပြည်သူတွေ နဲ့ ပူးပေါင်းပြီး ငွေဘယ်လောက် ရထားတယ်၊ ဘယ်နေရာ တွေ မှာ သုံးမယ် ဆိုတာ တွေကို ထင်သာမြင်သာ အောင် ရှင်းပြ လုပ်ဆောင် သင့်တယ် လို့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ရေဘေး ကယ်ဆယ်ရေး တွေ လိုက်လံ ဆောင်ရွက် ပေးနေတဲ့ ၈၈ မျိုးဆက် က ဦးဘကြူးက ပြောပါတယ်။

မြန်မာနိုင်ငံ အနှံ့ ရေကြီး နစ်မြုပ်မှုတွေ ကြောင့် ကျပ်သန်းပေါင်း ၁၄၀ ဘီလီယံ နီးပါး ရှိမယ်လို့ အစိုးရပိုင်းက ခန့်မှန်း တွက်ချက် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ