ဒါရိုက်တာ မောင်တင်ဦး ကွယ်လွန်

  • 24 ဩဂုတ် 2015
Director Maung Tin Oo and Family
Image caption ဒါရိုက်တာ မောင်တင်ဦးနဲ့ သူ့မိသားစု

သကြန်မိုး ရုပ်ရှင်ဇာတ်ကား ဖန်တီးရှင် ဒါရိုက်တာ မောင်တင်ဦး ဟာ ဒီကနေ့ သြဂုတ်လ ၂၄ ရက် မနက်က မန္တလေးက သူ့ရဲ့ နေအိမ်မှာ အသည်း ရောဂါနဲ့ ကွယ်လွန် သွားခဲ့ ပါတယ်။

ဒါရိုက်တာ မောင်တင်ဦး ရိုက်ကူးတဲ့ ဇာတ်ကားတွေဟာ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေ ရခဲ့သလို ရုပ်ရှင် ထူးချွန်ဆုတွေလည်း ၅ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။

သင်္ကြန်မိုး၊ နေထွက်သောည၊ တခါက တစ်ဘဝ၊ တိုက်ပွဲခေါ်သံ၊ နှလုံးလှ လူမိုက် ကားတွေမှာ အကယ်ဒမီရခဲ့ပါတယ်။

မောင်တင်ဦးရဲ့ ရိုက်တဲ့ သင်္ကြန်မိုး ဇာတ်ကားကနေ ထင်ပေါ် လာတဲ့ အကယ်ဒမီ မေသန်းနုက သင်္ကြန်မိုး ကားကနေ သင်ယူစရာတွေ အများကြီး ရခဲ့တဲ့ အကြောင်း၊ အဲဒီ လေ့လာမှုတွေဟာ အခု အချိန်အထိ အမှတ်ရ စရာတွေ ရှိနေတဲ့ အကြောင်း ပြောပါတယ်။

အကယ်ဒမီ မောင်တင်ဦးဟာ“ပန်းမြိုင်လယ်က ဥယျာဉ်မှူး”၊ “ဒဏ္ဍာရီ စတဲ့ ရုပ်ရှင် ကားကြီးတွေအပါအဝင် ဗီဒီယို ဇာတ်ကားပေါင်း ၂၀၀ ကျော် ကို ဒါရိုက်တာ အနေနဲ့ ဖန်တီးခဲ့တယ်လို့ ဇနီးသည် ဒေါ်တင်တင်အေးကပြောပါတယ်။

ဒါရိုက်တာ မောင်တင်ဦးဟာ မန္တလေးက သခင်သိန်းဖေ ဒေါ်မြမြတို့ရဲ့ သားကြီး ဖြစ်ပြီး နာမည်ကျော် ကွယ်လွန်သူ သရုပ်ဆောင် သင်္ကြန်မင်းသား ဇော်ဝမ်းရဲ့ အစ်ကိုရင်း လည်း ဖြစ်ပါတယ်။

သူကွယ်လွန် ချိန်မှာ ဇနီးဖြစ်သူ ဒေါ်တင်တင်အေးနဲ့ သမီးသုံးယောက် ကျန်ရစ်ခဲ့ပါတယ်။

အသက် ၇၄ နှစ်မှာ ကွယ်လွန် သွားတဲ့ ဒါရိုက်တာ မောင်တင်ဦးရဲ့ ရုပ်အလောင်းကို ဩဂုတ်လ ၂၇ ရက် ညနေ မှာ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။