တိုင်းရင်းသားတွေရဲ့ ချင်းမိုင် ဆွေးနွေးပွဲ ပြီးဆုံး

ဓာတ်ပုံ မူပိုင် unfc
Image caption တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်ကို အစိုးရနဲ့ အပြီးသတ် လက်မှတ်ထိုးနိုင်ဖို့ တိုင်းရင်းသား အဖွဲ့တွေ အကြိတ်အနယ် ဆွေးနွေးခဲ့

တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် NCA ကို အစိုးရ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြား အပြီးသတ် လက်မှတ် ရေးထိုးနိုင် ရေး နဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အသီးသီးက ခေါင်းဆောင် တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၄ရက်ကြာ ဆွေးနွေးခဲ့အပြီးမှာ ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ပါတယ်။

ဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်ပါ အချက် ၃၃ချက်ထဲက ၃၂ချက်ကို လက်ခံ အတည်ပြုခဲ့ကြပါတယ်။

နောက်တချက်ကိုတော့ အတည်မပြုသေးပဲ ဆက်လက် ဆွေးနွေးဖို့ ကိုယ်စားလှယ် ၈ဦးကို တာဝန်ပေးလိုက်ပါတယ်။

ပြန်လည် ဆွေးနွေးဖို့ လိုတဲ့ အချက်ကတော့ လက်မှတ်ထိုးမယ့် တိုင်းရင်းသား အဖွဲ့တွေရဲ့ အရေအတွက် ဖြစ်ပါတယ်။ အစိုးရဘက်က အတည်ပြုပြီး ဖိတ်ကြားထားတဲ့ ၁၅ဖွဲ့ကိုပဲ အရင်လက်ခံလိုက်ပြီး အစိုးရဘက်က မဖိတ်သေးတဲ့ ၆ဖွဲ့ကိုတော့ နောက်ပိုင်းမှာ ပါဝင်လာအောင် တိုင်းရင်းသားတွေဘက်က စုပေါင်း ဆောင်ရွက်ဖို့ကို တိုင်းရင်းသား တွေဘက်က တော်တော်များများ ဆွေးနွေးခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့တဲ့အခါ အားလုံး လက်မှတ် ရေးထိုးရေးမူကိုပဲ ဆုပ်ကိုင်ပြီး အတတ်နိုင်ဆုံး ညှိနှိုင်း အဖြေရှာဖို့ကို တိုင်းရင်းသား ခေါင်းဆောင်တွေကို တာဝန်ပေးခဲ့ပါတယ်။

ညှိနှိုင်းတယ် ဆိုရာမှာ အပေးအယူတော့ ရှိရမယ်၊ အပေးအယူ မရှိဘူး ဆိုရင်တော့ လက်မှတ်မထိုးတဲ့အထိ ဖြစ်သွားနိုင်တယ် ဆိုပြီး မွန်ပြည်သစ် ပါတီ ဥက္ကဌလည်းဖြစ် အစည်းအဝေး ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ နိုင်ဟံသာက ပြောပါတယ်။

KNU ကရင်အမျိုးသား အစည်းအရုံး အဖွဲ့အတွင်းရေးမှူးလည်းဖြစ် အစည်းအဝေး ပြောခွင့်ရ ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ပဒို ကွယ်ထူးဝင်းကတော့ မူကို အသေ ဆုပ်ကိုင်ထားတာမျိုး မဟုတ်ပဲ ညှိနှိုင်း အဖြေရှာဖို့ကို ကြိုးစား ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဖို့အတွက် အခု အစည်းအဝေး ကနေ အဆုံးအဖြတ် ပေးလိုက်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကတော့ KIO ကချင် လွတ်မြောက်ရေးအဖွဲ့ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီး အန် ဘန်လ၊ မွန်ပြည်သစ် ပါတီ ဥက္ကဌ နိုင်ထောမွန်၊ SSPP ရှမ်းပြည်မြောက်ပိုင်း နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်၊ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖော၊ KNPP ဥက္ကဌ အေဘယ်တွီ၊ SD အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကတော့ ပဒို နော်စီဖိုးရာစိန်၊ ဒေါက်တာ လဂျာ၊ ပူးစင်ကျုံး တို့ဖြစ်ပါတယ်။

တိုင်းရင်းသားတွေကတော့ လာမယ့် လဆန်းလောက်မှပဲ အစိုးရနဲ့ တွေ့နိုင်မယ်လို့ ပြောနေပါတယ်။