ရုပ်သံလွှင့် ဥပဒေ အတည်ပြုတော့မယ်

  • 25 ဩဂုတ် 2015
Burma Media ဓာတ်ပုံ မူပိုင် ap
Image caption ဥပဒေသစ်အရ လက်ရှိ ပုံနှိပ်နဲ့ အသံလွှင့် မီဒီယာလုပ် နေသူတွေ ရုပ်သံ လုပ်ခွင့်ရှိမှာမဟုတ်

မြန်မာ နိုင်ငံရဲ့ ပထမဆုံး ရုပ်မြင်သံကြား အသံလွှင်ခြင်းဆိုင်ရာ ဥပဒေကို အခု ကျင်းပနေတဲ့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုတော့ မှာဖြစ်ပါတယ်။

ဥပဒေကြမ်းမှာ ပါတဲ့ အချက်တွေထဲက လွှတ်တော်မှာဆွေးနွေး အတည်ပြု ဖို့အချက် တစ်ချက်သာ ကျန် ပါတော့တယ်။

ဥပဒေကြမ်းအရ အစိုးရ၊ လွှတ်တော်နှစ်ရပ်က လူ သုံးယောက်စီ ပါဝင်တဲ့ အဖွဲ့ဝင် ၉ ယောက်ပါ ကောင်စီ ကို ဖွဲ့မှာ ဖြစ်ပါတယ်။

အဲဒီ ကောင်စီက ပြစ်မှု ပြစ်ဒဏ်တွေနဲ့ ပတ်သက်တဲ့ အရေးယူ တာတွေကို ဆုံးဖြတ်မှာဖြစ်ပါတယ်။

ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အရေးယူ ခံရသူတွေက လက်မခံရင် ပြန်ကြားရေး ဝန်ကြီးက ဥက္ကဌ အဖြစ်တာ ဝန်ယူထားတဲ့ အမျိုးသား ရုပ်သံထုတ်လွှင့်ခြင်း ဆိုင်ရာ ဖွံဖြိုး တိုးတက်မှု အဖွဲ့ကို အယူခံရမယ်လို့ ဥပဒေကြမ်းမှာ ဖော်ပြပါတယ်။

ဒီဥပဒေကြမ်းကို အတည်ပြု ပြဌာန်းပြီးရင် ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အနေနဲ့ ရုပ်သံလုပ်ငန်းတွေ တည် ထောင်ခွင့် ရမှာဖြစ်တဲ့ အပြင် နိုင်ငံခြားသား ကျွမ်းကျင်သူတွေ ကိုလည်း ငှားရမ်း နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိ ပုံနှိပ်မီဒီယာလုပ်ငန်းနဲ့ အသံလွှင့်လုပ်ငန်း လုပ်နေသူတွေကတော့ ရုပ်သံ လုပ်ငန်း လုပ်ခွင့် မရရှိဘဲ ၃၀ ရာခိုင်နှုန်းသာ ရှယ်ယာ ထည့်ခွင့်ရမှာ ဖြစ်ပါတယ်။

လောလောဆယ် ရုပ်သံ လုပ်ငန်းကို များများစားစား လုပ်နိုင်သူ သိပ်မရှိသေးခင်မှာ ဒီလို ကန့်သတ်တာတွေ မလုပ်သင့်ဘူးလို့ Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါတယ်။

မူလ ဥပဒေ မူကြမ်းထဲမှာ သတင်းစာ ဂျာနယ် ထုတ်ဝေသူ တွေကို ရုပ်သံလွှင့် လုပ်ငန်း လုပ်ကိုင်ခွင့် မပေးဘဲ တားမြစ်ထားခဲ့တာ ဖြစ်ပါတယ်။

ဥပဒေ အတည်ဖြစ်ပြီးရင် အစိုးရ၊ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်တို့က ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ကောင်စီကို ခြောက်လ အတွင်းဖွဲ့စည်း ရမှာဖြစ်ပြီး ဒီကောင်စီ ဖွဲ့ပြီးတာနဲ ရုပ်သံ လုပ်ငန်းလုပ်ကိုင်သူတွေ လိုင်စင် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

လောလောဆယ် ရုပ်မြင်သံကြားနဲ့ အသံလွှင့် လုပ်ငန်းတွေကို အစိုးရနဲ့သာ ဖက်စပ်လုပ်ကိုင်ခွင့် ရရှိပြီး ဥပဒေ အတည်ဖြစ်လာပြီးရင် မြန်မာနိုင်ငံမှာ ရုပ်မြင့်သံကြား ထုတ်လွှင့်တဲ့ လုပ်ငန်းတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေ လုပ်ပိုင်ခွင့် ရရှိကြတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ