မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ တိုက်ပွဲဖြစ်

  • 26 ဩဂုတ် 2015
Burma Bangladesh border ဓာတ်ပုံ မူပိုင် bbc
Image caption ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များ

ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နိုင်ငံ နယ်စပ်မှာ ရခိုင်သူပုန်တွေနဲ့ ဘင်္ဂလား နယ်ခြားစောင့် တပ်တို့ကြား တိုက်ပွဲတွေ အပြင်း အထန် ဖြစ်ခဲ့ပါတယ်။

မြန်မာ အစိုးရကို လက်နက်ကိုင် တိုက်ခိုက် နေတဲ့ ရခိုင်တပ်မတော် AA နဲ့ ဘင်္ဂလား နယ်ခြားစောင့် တပ်ဖွဲ့တွေကြား သြဂုတ်လ ၂၆ ရက်နေ့ မနက် ၁၀ နာရီကနေ ၁၂ နာရီလောက် အထိ အပြန်အလှန် တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ AA စစ်စီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ဘီဘီစီကို ပြော ပါတယ်။

AA တပ်ဖွဲ့တွေ ရှိနေတဲ့ နေရာကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဝင်လာတဲ့အတွက် သတိပေး ပစ်ခတ်ရာကနေ တိုက်ပွဲ စဖြစ်ခဲ့တာလို့ သူက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ တပ်မှူးကြီး ဖြစ်တဲ့ ဗိုလ်ချုပ် အာဇစ် အာမက်ကတော့ သူတို့ နယ်ခြားစောင့်တပ် ကင်းလှည့်လာတာကို AA ဘက်က ပစ်ခတ်လို့ တိုက်ပွဲဖြစ်ရတာလို့ ပြောပါတယ်။

တိုက်ပွဲ ဖြစ်တဲ့နေရာက ဘင်္ဂလားဒေ့ရှ် အခေါ် ဆင်ကူးရေဗာ ၊ မြန်မာ အခေါ် ရိုကြိုချောင်းဖျား မှာလို့ AA ဘက်က ပြောပါတယ်။

အခုလို တိုက်ပွဲတွေ မဖြစ်ခင် လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ သွားပေးတဲ့ ဒေသ အကျိုးပြု လုပ်ငန်း လုပ်ဆောင်နေသူ AA အဖွဲ့ဝင်တွေရဲ့ မြင်းတွေနဲ့ လားတွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က သိမ်းဆည်းထားတာ အခုချိန်ထိ ပြန်မရသေးဘူးလို့ AA တပ်မှူးက ပြောပါတယ်။

ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့် တပ်တွေရဲ့ လှေ ငါးစီးလောက်ကို AA ဘက်ကသိမ်းထားတယ်ဆိုတဲ့ သတင်းတွေလည်း မဟုတ်မှန်ကြောင်း AA စစ်စီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ပြော ပါတယ်။

အခု ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလာဒေ့ရှ် ဘက်က တစ်ယောက် ဒဏ်ရာရ ခဲ့ပေမဲ့ AA ဘက်ကတော့ ထိခိုက်ဒဏ်ရာ ရသူမရှိဘူးလို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ