၂၀၁၅ မှာ သွေးလွန်တုပ်ကွေး စံချိန်တင်အောင် အဖြစ်များ

  • 28 ဩဂုတ် 2015
dengue_fever
Image caption ဧရာဝတီတိုင်းထဲက ဟင်္သာတ နဲ့ မွန်ပြည်နယ် မော်လမြိုင် တို့မှာလဲ ရောဂါ ဖြစ်နှုန်း မြင့်တက် နေတယ် လို့ ကျန်းမာရေးဌာန က ပြော။

ဒီနှစ် ၂၀၁၅ မှာ နိုင်ငံတဝှမ်း သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားမှု စံချိန်တင် အောင် မြင့်တက် နေပြီး အများဆုံး ဖြစ်ခဲ့တဲ့ နှစ် လို့ သတ်မှတ် ထားတဲ့ ၂၀၀၉ ခုနှစ် တစ်နှစ်လုံး ထက် ကို တစ်သောင်းကျော် ပိုများနေ ပြီ ဖြစ်ပါတယ်။

အခုနှစ် သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပေါ် ခဲ့သူ ၃ သောင်း ၂ ထောင် နီးပါး ထဲက သေဆုံးသူ အရေအတွက် လည်း ၁၀၀ ကျော် နေပြီ ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေး ဖြစ်နေသူ တွေ ဆေးရုံ တွေ ကိုရောက် လာတဲ့ အခါ ပြန်လွှတ် လိုက်လို့ ရတဲ့ ရောဂါ မဟုတ်တဲ့ အတွက် လာသမျှ လက်ခံ ထားရ လို့ ဆေးရုံ တွေ မှာ သွေးလွန် တုပ်ကွေး ရောဂါ ရှင် တွေ နဲ့ ပြည့် နေတယ် ဆိုပြီး ကျန်းမာရေး ဝန်ကြီး ဌာန သွေးလွန် တုပ်ကွေး စီမံချက် မန်နေဂျာ ဒေါ်ခင်နန်းလုံ က ဘီဘီစီ ကို ပြောပါတယ်။

လောလောဆယ် သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားမှု မြင့်တက် နေတဲ့ မုံရွာမြို့ ပြည်သူ့ ဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးညွန့်သန်းက လောလောဆယ် အတွင်းလူနာ အဖြစ် လက်ခံ ထားရတဲ့ ကလေးငယ် ၁၅၀ ပတ်ဝန်းကျင် ရှိ နေတဲ့ အတွက် ကုတင် မလုံလောက်ပဲ ကလေးတွေ ဟာ ကြပ်ကြပ် တည်းတည်း နေနေ ရတယ် ဆိုပြီး ဘီဘီစီ ကို ပြောပါတယ်။

မုံရွာ မြို့ လိုပဲ ဧရာဝတီတိုင်းထဲက ဟင်္သာတ နဲ့ မွန်ပြည်နယ် မော်လမြိုင် တို့မှာလဲ ရောဂါ ဖြစ်နှုန်း မြင့်တက် နေတယ် လို့ စီမံချက် မန်နေဂျာ ဒေါ်ခင်နန်းလုံ က ပြောပါတယ်။

သွေးလွန် တုပ်ကွေး ရောဂါဟာ ဇွန်၊ ဇူလိုင်၊ သြဂုတ် ၃လတာ ကာလမှာ အများဆုံး ဖြစ်ပွားတာ ဖြစ်ပြီး ဒီကာလ လွန်သွား ရင်တော့ ဖြစ်ပွားနှုန်း ပြန်ကျ သွားလိမ့်မယ် လို့တော့ ဒေါ်ခင်နန်းလုံ က ဆိုပါတယ်။

သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှု စံချိန် တင်ခဲ့ရတဲ့ ၁၉၉၄ ခုနှစ် တုန်း ကတော့ လူနာ အဖိတ်အစင် ၄၅၀ နီးပါး ထိ ရှိခဲ့ ပါတယ်။