တွန်းဇံမြို့နယ်မှာ ရွှံ့ရေအိုင် ကျိုးပေါက်လို့ အိမ်တွေ ရေမျော

  • 28 ဩဂုတ် 2015
Kalay Floods ဓာတ်ပုံ မူပိုင် Aungthu Kalay
Image caption ကလေးမြို့မှာ ဇူလိုင်လကုန်နဲ့ သြဂုတ်လဆန်းက ရေကြီးမှု မြင်ကွင်း

ချင်းပြည်နယ် တွန်းဇံမြို့နယ် အတွင်းမှာ သြဂုတ်လ ၂၈ ရက် မနက် စောစောပိုင်းက တောင်ပေါ် ရွှံ့ရေအိုင်ကြီး ကျိုးပေါက် သွားတဲ့ အတွက် တောင်အောက် ခြေပိုင်း ရွာတွေ ဆီကို ရွှံ့နွံရေတွေက ကျဆင်းလာပြီး နေအိမ်တွေ ရေထဲကို မျောပါ သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန် ကနေ သြဂုတ် လဆန်း အတွင်း ဖြစ်ခဲ့တဲ့ မိုးကြီးပြီး ရေလွှမ်းမိုးမှု ကြောင့် တွန်းဇံမြို့နယ် အတွင်းမှာ လဲပြိုလာတဲ့ သစ်ပင်တွေက တောင်တွေပေါ်က ကျလာတဲ့ ရေတွေကို ဝန်းရံ ကာဆီးထားလို့ သဘာဝ ရေအိုင်ကြီးလို ဖြစ်နေခဲ့တဲ့ နေရာကနေ ရွှံ့ရေတွေ ကျိုးပေါက် လာခဲ့တာ ဖြစ်ပါတယ်။

အရှိန်နဲ့ ကျလာတဲ့ ရွှံ့ရေတွေက ရွှံ့ရေအိုင်ကြီးနဲ့ အနီးဆုံး ဖြစ်တဲ့ ဟားခါးလေး ကျေးရွာက နေအိမ်တွေကို ထိခိုက် ပျက်စီးစေခဲ့တယ်လို့ ရေဘေး ကယ်ဆယ်ရေးတွေ လုပ်ဆောင် ပေးနေတဲ့ ကလေး ဒေသခံ ဦးဘကြူက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် တန်ကြီး၊ ကျောက်ချပ် စတဲ့ ရွာတွေမှာလည်း လယ်ကွင်းတွေ ကို ဒူးဆစ်လောက်ရှိတဲ့ ရွှံ့ရေတွေ ဖုံးသွား ခဲ့တယ်လို့ သူက ပြောပါတယ်။

ရေအိုင်ကြီးရဲ့ အကျယ်ကလည်း စတုရန်း ၁၀ ဧက ပတ်လည်လောက် ရှိနိုင်တယ်လို့ ခန့်မှန်းရကြောင်းလည်း သူက ပြောပါတယ်။

ရွံ့နွံရေတွေက ချောင်းဖျား မြစ်ဖျားကို စီးဝင်သွားတဲ့ အတွက် အဲဒီထဲက နွံတွေနစ်နေတဲ့ ငါးတွေ အသက်ရှုလို့ မရတော့ဘဲ ကုန်းပေါ်ရောက်လာကြပြီး အနီးအနားရွာက လူတွေ က ငါးကောက်ပွဲကြီး လုပ်ကြတယ်လို့လည်း ဦးဘကြူက ပြောပါတယ်။

ပထမတစ်ကြိမ် ရေကြီးပြီး ကတည်းက သဘာဝ အလျောက် ဖြစ်တည်လာခဲ့တဲ့ ဒီရွှံ့ရေအိုင်ကြီး ကျိုးပေါက်နိုင်တယ်ဆိုတာ ဒေသခံတွေရော အာဏာပိုင်တွေကပါ သိခဲ့ကြပေမဲ့ ကြိုတင် ပြင်ဆင်တာတွေ မရှိခဲ့သလို ဒေသခံတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့တာမျိုးလည်း မလုပ်ခဲ့ဘူးလို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ